တောင်သာမြို့နယ်တွင် ရန်ကုန် ရဲတပ်ရင်း ၅ မှ ရဲတပ်သား ၁ ဦး လက်နက် ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်လာသောကြောင့် ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၅၀ ချီးမြှင့်
မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် ရန်ကုန် ရဲတပ်ရင်း ၅ မှ ရဲတပ်သား ၁ ဦး လက်နက် ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်ရောက်လာသောကြောင့် ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ က တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၁၆ ရက်နေ့ တွင် ရန်ကုန် ရဲတပ်ရင်း ၅ (မှော်ဘီ) မှ ရဲတပ်သား၁ ဦးသည် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံသို့ G-3 အမျိုးအစား သေနတ် ၁ လက်၊ ကျည်-၂၂၁-တောင့်နှင့် အတူ အလင်းဝင်ရောက်၍ ပြည်သူ့ရင်ခွင် ခိုလှုံလာသောကြောင့် ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့ကြောင်းသိရသည်။
အကြမ်းဖက် စစ်တပ် လက်အောက်တွင် ပြည်သူများကို အကြမ်းဖက် ဖျက်ဆီးရာ၌ ပူးပေါင်းပါဝင်နေကြသော ကျန်ရှိနေသော စစ်သား၊ ရဲတပ်သားများ အနေဖြင့် တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ဆက်သွယ်ကာ အမြန်ဆုံး အလင်းဝင်ရောက်၍ ပြည်သူ့ရင်ခွင် ခိုလှုံလာကြရန် တိုက်တွန်းလိုကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ က တာဝန်ရှိသူတစ်ဦးက ဆက်လက် ပြောဆိုသည်။