မတ္တရာမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာ ၅ ရွာကို စစ်တပ် စစ်ကြောင်းက ၂ ရက်ဆက် မီးရှို့ဖျက်ဆီးနေ
မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာ ၅ ရွာကို အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ၂ ရက်ဆက် မီးရှို့ဖျက်ဆီးနေကြောင်း Voice Of Mandalay (Vomdy) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက မတ္တရာမြို့နယ် အနောက်ခြမ်းရှိ မြွေပုသိမ်ရွာနှင့် မြွှေကူးတိုးဆိပ်ရွာတို့ကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယနေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင်လည်း ဥဒိန်ရွာ၊ ပုသိမ်ရွာနှင့် ဆင်ကုန်းရွာတို့ကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်က မတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာများကို ဆက်တိုက် စီးနင်း မီးရှို့ဖျက်ဆီးနေခြင်းးဖြစ်ပြီး ပြည်ပိုင် ပစ္စည်းများကိုလည်း ခိုးယူလုယက်မှုများရှိကြောင်း၊ ထို့ပြင် စစ်ကောင်စီ တပ်သားများသည် စစ်ဘေးရှောင် ပြည်သူများနေထိုင်သည့် တောတိုက်များကိုပါ မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရှိရသည်။
မတ္တရာမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးများ ထိတွေ့ တိုက်ပွဲ ဖြစ်ပွာခြင်းမရှိဘဲ စစ်ကောင်စီ တပ်သားများကို ပြည်သူများ နေထိုင်သည့် ကျေးရွာများကို ရည်ရွယ်ချက် ရှိရှိ ဖျက်ဆီးနေခြင်းဖြစ်ကြောင်း၊ ကျေးရွာနေပြည်သူများသည် လက်ရှိချိန်ထိ အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝေးရာကို ထွက်ပြေး တိမ်းရှောင်နေရဆဲ ဖြစ်ကြောင်း သိရသည်။
“ရွာတွေထဲမှာ ပြည်သူတွေလည်း မရှိတော့ဘူး။ တိုက်ပွဲလည်း မရှိဘူး။ ရွာတွေကတော့ စစ်ခွေးတွေ မီးရှို့လို့ ကုန်သလောက်ကို ဖြစ်နေပြီ ပျက်စီးမှု အခြေအနေတွေတော့ အသေးစိတ် မသိရသေးပါဘူး။ ပြည်သူတွေလည်းရွာထဲ ပြန်မဝင်နိုင်ပါဘူး။ ခွေးစစ်ကြောင်းက ရှိနေတယ်။ စစ်ခွေးတွေက ပြည်သူတွေ ကျန်ခဲ့တဲ့တောတိုက်ထဲက ပစ္စည်းအသုံးအဆောင်တွေပါ မီးပတ်ရှို့နေတာ” ဟု Voice Of Mandalay (Vomdy) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။