ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာအနီး တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာအနီး တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ဖယ်ဒရယ်ဒူဝံကြယ်ဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၁၅ ရက်နေ့၊ နံနက် ၆ နာရီခန့်တွင် ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ၊ ဟားလီးကွေ့တွင် စခန်းချ တပ်စွဲ၍ ခရီးသွား ပြည်သူများထံမှ အဓမ္မ ငွေကြေးကောက်ခံ နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒူရက စစ်ကြောင်း ဦးဆောင်မှုဖြင့် တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း ပစ်ခတ် တိုက်ခိုက်မှုသည် မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးကာ ၁ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး ထွက်ပြေးလွတ်မြောက်သွားကြောင်းသိရှိရသည်။
သေဆုံးသွားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားထံမှ MA-11 သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ခု ၊ ၅.၅၆ ကျည် ၂၆၁ တောင့်၊ စစ်သုံးဦးထုပ် ၂ လုံး၊ ပိုက်ဆံ ၉၆၅၀၀၀ ကျပ် ၊ စစ်အသုံးအဆောင် ပစ္စည်း ၁ ခု၊ စကားပြောစက် ၁ လုံး၊ လက်ကိုင်ဖုန်း ၂ လုံး၊ စစ်သုံးရေဘူး ၁ လုံး တို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ဒူရက စစ်ကြောင်း ဦးဆောင်မှုဖြင့် ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) နှင့် ဖယ်ဒရယ်ဒူဝံကြယ်ဒရုန်းတပ်ဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
လက်ရှိချိန်တွင် တော်လှန်ရေးနှင့် စစ်ရေးအရှိန် မြင့်လာသည်နှင့်အမျှ ပြည်သူ့ဘက်၊ အမှန်တရားဘက် ရပ်တည်လိုသော စစ်ကောင်စီတပ်မှ စစ်သားများ ၊ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူ့ရင်ခွင်ခိုလှုံ၍ အမြန်ဆုံး ပူးပေါင်းကြရန် တိုက်တွန်းဖိတ်ခေါ်ထားသည်။