ရန်ကုန်၊ ဒီဇင်ဘာ ၁၉
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ကျောက်လှေကားကျေးရွာကို စစ်တပ်က ဒုတိယအကြိမ် လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့ ည ၉ နာရီ ၁၆ မိနစ်မှ ည ၉ နာရီ ၄၀ မိနစ်အချိန်အထိ အကြမ်းဖက်စစ်ကောင်စီတပ်က ကနီမြို့နယ်၊ ကျောက်လှေကားကျေးရွာနှင့် အနီးတစ်၀ိုက်ကို Y12 လေယာဉ်များဖြင့် ဗုံးများကျဲချခဲ့ကြောင်း၊ ဗုံးကျဲမှုကြောင့် နေအိမ် ၁၇ လုံးပျက်စီးသွားကြောင်း သိရှိရသည်။
“ရွာရဲ့ အနောက်ဖက်ကနေ ကနဦး စလာပြီး ကျဲချတာ။ တစ်ကြိမ်ကျဲရင် ၁၀လုံးထက်မနည်း ကျဲချတာ။ ၇ပတ်၊ ၈ပတ်လောက် ရွာပေါ်မှာ ပျံဝဲပြီး ဗုံကျဲတာ။ ရွာထဲရော၊ ရွာအနီးတစ်ဝိုက်ကိုရော ပတ်ပြီး ဗုံးကျဲသွားတာ။ ဒီနေ့မနက်ခင်း ရွာထဲပြန်ဝင်ကြည့်တော့ လူနေအိမ် ၁၇ လုံးပျက်စီးတယ်။ လူတွေကတော့ ပထမတစ်ကြိမ်ကျဲတုန်းကတည်းက ရွာအပြင် ဘေးလွတ်ရွာကို ထွက်ပြေးတိမ်းရှောင်နေလို့ ထိခိုက်သေဆုံးမှု မရှိဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်က ကျောက်လှေကာကျေးရွာကို ဒီဇင်ဘာလ ၁၆ ရက်နေ့ကလည်း လေယာဉ်ဖြင့် ဗုံးကျဲချသဖြင့် ပြည်သူ ၅ ဦး သေဆုံးခဲ့ရပြီး ၁၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
စစ်ကောင်စီ၏ ပထမအကြိမ် ဗုံးကျဲမှုအတွင်း ကျောက်လှေကား ကျေးရွာမှ ကြားကာလပညာရေး ပြည်သူ့အခြေပြုကျောင်းများတွင် ပညာသင်ယူနေသော မောင်ဇင်ကိုချစ် (Grade-6)၊ မမေမြတ်နိုး(Grade-7)၊ မရွှေဇင်ဝင်း (Grade-12) ကျောင်းသူကျောင်းသား အပြစ်မဲ့ကလေးသူငယ် ၃ ဦး အပါအဝင် အပြစ်မဲ့ ပြည်သူ ၅ ဦး ပွဲချင်းပြီး ဗုံးစထိမှန်သေဆုံးခဲ့ရကြောင်း၊ ထိခိုက်ဒဏ်ရာရသူ ကျောင်းသူကျောင်းသာ ၆ ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၁၀ ဦး ဒဏ်ရာရရှိကြောင်း ၊ အကြမ်းဖက်စစ်ကောင်စီက ကျောင်းများ၊ လူနေအိမ်များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်း၊ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များ၊ လူသားချင်း စာနာ ထောက်ထားရေးနှင့် လူအခွင့်အရေးဆိုင်ရာ နိုင်ငံတကာဥပဒေများကို ချိုးဖောက်ခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG က ဝေဖန်ထောက်ပြသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ပညာရေးဝန်ကြီးဌာနသည်ကလေးသူငယ်များနှင့် အပြစ်မဲ့ပြည်သူများ သေဆုံးခဲ့ရမှုအတွက် မိသားစုနှင့်ထပ်တူ ကြေကွဲဝမ်းနည်းရပြီး အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချလိုက်ကြောင်း၊ ယခုကဲ့သို့ စစ်ရေးပစ်မှတ်မဟုတ်သော နေရာများအား တိုက်ခိုက်ခံရပြီး ကလေးသူငယ်များ သေဆုံးခဲ့ရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်မှုဖြစ်စဉ်များကို အသေးစိတ် မှတ်တမ်းတင်လျက် သေဆုံးခဲ့ရသော ကလေးသူငယ် များအတွက် တရားမျှတမှုကို နည်းလမ်း အမျိုးမျိုးဖြင့်ဖော်ဆောင်နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ကြေညာထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar