တီးတိန်မြို့ အခြေစိုက် ခလရ ၂၆၈ တပ်ရင်းမှ တပ်သား ၁ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်၊ ငွေကျပ်သိန်း ၅၀ ချီးမြှင့်
ချင်းပြည်နယ်၊ တီးတိန်မြို့ အခြေစိုက် ခလရ ၂၆၈ တပ်ရင်းမှ စစ်ကောင်စီ တပ်သား ၁ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်လာသောကြောင့် ငွေကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့ကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် တီးတိန်မြို့ အခြေစိုက် ခလရ ၂၆၈ တပ်ရင်းမှ တပ်သား စစ်ပိုင်ဖြိုး (ခ) ကိုဖြိုးသည် ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ ထံ ချိတ်ဆက် အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။
အလင်းဝင်ရောက်ခဲ့သော တပ်သား စစ်ပိုင်ဖြိုး (ခ) ကိုဖြိုးသည် ၎င်းကိုင်ဆောင်သော MA-1 သေနတ် ၁ လက်၊ ကျည်အိမ် ၂ ခု၊ လက်ပစ်ဗုံး ၁ လုံးနှင့် ကျည် ၁၀၀ တောင့် တို့ကို ယူဆောင်၍ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့သို့ လက်နက်နှင့် တကွ အလင်းဝင်ရောက်လာသော တပ်သား စစ်ပိုင်ဖြိုးကို ဂန့်ဂေါမြို့နယ် ပကဖ မှ ငွေကျပ်သိန်း ၅၀ ဆုချီးမြှင့်ပေးခဲ့ပြီးဖြစ်ကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။