25 C
Yangon

လောင်းလုံးမြို့နှင့် ထားဝယ်မြို့တွင် စစ်တပ်၏ လေယာဉ်များ ဆက်တိုက် ပျံဝဲနေ၍ ပြည်သူများ ဗုံးခို ကျင်းများ တူးထားရန် လောင်းလုံး PDF သတိပေး၊ ဆိပ်ဖြူတွင် ကျေးရွာများကို စစ်တပ်က ဒရုန်းဖြင့် ဆက်တိုက်ဗုံးကျဲ၍ ပြည်သူများ ထွက်ပြေးနေရ

Must read

လောင်းလုံးမြို့နှင့် ထားဝယ်မြို့တွင် စစ်တပ်၏ လေယာဉ်များ ဆက်တိုက် ပျံဝဲနေ၍ ပြည်သူများ ဗုံးခို ကျင်းများ တူးထားရန် လောင်းလုံး PDF သတိပေး၊ ဆိပ်ဖြူတွင် ကျေးရွာများကို စစ်တပ်က ဒရုန်းဖြင့် ဆက်တိုက်ဗုံးကျဲ၍ ပြည်သူများ ထွက်ပြေးနေရ

ရန်ကုန်၊ ဒီဇင်ဘာ ၂၄

တနင်္သာရီမြို့နယ်၊ လောင်းလုံးမြို့နှင့် ထားဝယ်မြို့ ပေါ်ကို အကြမ်းဖက် စစ်တပ်၏ လေယာဉ်များ ဆက်တိုက် ပျံဝဲနေ၍ ပြည်သူများ ဗုံးခိုကျင်းများ တူးထားရန် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ရဲဘော် ရှဲဒိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့မှစတင်ပြီး လောင်းလုံးမြို့ပေါ်နှင့် ထားဝယ်မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်၏ လေယာဉ်များ ဆက်တိုက် ပျံဝဲနေ၍ အကြမ်းဖက် စစ်တပ်၏ လေကြောင်းမှ လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုများမှ ကာကွယ်နိုင်ရန်အတွက် အကာအကွယ်နှင့် လုံခြုံသည့်နေရာ အစီအမံများ၊ ဗုံးခိုကျင်းများနှင့် အနီးဆုံးနေရာ သို့မဟုတ် ဗုံးခိုကျင်းများ တွင် ဝင်ရောက်နေထိုင်ကြရန် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးချက် ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း သိရသည်။

” ၂၃ ရက်နေ့တည်းက လောင်းလုံးမြို့ပေါ်မှာ စစ်ရဟတ်ယာဉ်တွေ ဗုံးကျဲ တိုက်လေယာဉ်တွေ နံနက်ပိုင်းမှာ တောက်လျှောက်လာဝဲနေတာ အဲတာကြောင့် လေကြောင်း အန္တရာယ်သတိပေးတာပါ။ ထား၀ယ်မြို့နဲ့လောင်းလုံးမြို့ပေါ်ကို လေယာဉ်က ပတ်ပြီးတော့ ဝဲနေတာ” ဟု လောင်းလုံးမြို့နယ် PDF မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ရဲဘော် ရှဲဒိုးက ပြောဆိုသည်။

အလားတူ မကွေးတိုင်း ဆိပ်ဖြူမြို့နယ်၊ ကပဖ ၂၂ တပ်မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အနီးအနားရှိ ကျေးရွာများကို ဒရုန်းဖြင့် ဆက်တိုက် ဗုံးကျဲတိုက်ခိုက်နေမှုကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဆိပ်ဖြူ တစ်ကိုယ်တော် ကျားဇိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၉ ရက်နေ့ ညပိုင်းတွင် ဆိပ်ဖြူမြို့နယ်၊ ကပစ ၂၂ ဝင်းအတွင်းရှိ F စက်ရုံ ပေ ၁၀၀ အ ကွာ အဝေးအထိ တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက်ကာ ထိချက်ပြင်းသော တိုက်မိုင်း အမျိုးစား ၃ လုံးကို ထောင်ထားခဲ့ပြီးနောက် ဒီဇင်ဘာလ ၂၀ ရက်နံနက်ပိုင်း အကြမ်းဖက်စစ်သား မိုင်းမိပြီး ၃ ဦး သေဆုံးကာ ၄ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ထိုသို့ မိုင်းထောင် တိုက်ခိုက်ခံရမှုကြောင့် ဒီဇင်ဘာလ ၂၀ ရက်၊ ၂၂ ရက်၊ ၂၃ရက်နှင့် ၂၄ ရက်နေ့တို့ အကြမ်းဖက်စစ် ကောင်စီတပ်သားများက ကပစ ၂၂ ဝင်း အနီး ပတ်ဝန်းကျင်ရှိ ပြည်သူများ နေထိုင်ရာ တောတိုက်များကို ဒရုန်းဖြင့် ဆက်တိုက်ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရပြီး နေအိမ်များ ပျက်စီး၍ အိမ်မွေးတိရစ္ဆာန်များ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

“ဒီနေ့လည်း ထပ်ချနေတယ်။ ဘယ်လုံးနှချလဲတော့ မသိရဘူး။ ပြည်သူတွေလည်း ထွက်ပြေးနေရတာ မနေရဲတော့ဘူး။ အပျက်အစီးတွေတော့ရှိတယ်။ တိရစ္ဆာန်တွေ ထိခိုက်သေဆုံးတာလည်းရှိတယ်။ ရွာတည်စတောတိုက်ပေါ့။ ကျနော်တို့တော်လှန်ရေးတပ်ဖွဲ့တွေရှိတယ်ထင်ပြီးချနေတာထင်တယ်။ ကျနော်တို့က အဲဒီမှာလည်းမရှိတော့ဘူး။ စခတွေက ယုတ်မာနေတာ။ ပြည်သူတွေက ရှောင်နေကြ ရတော့ ဒုက္ခရောက်နေကြတယ်။ ဆက်တိုက်ချနေတော့ တိမ်းရှောင်နေကြရတာ” ဟု ဆိပ်ဖြူ တစ်ကိုယ်တော်ကျားဇိုးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article