25 C
Yangon

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်နိုင်မှုနှင့် AA၏ နိုင်ငံရေးအမြင်ကို ပအိုဝ်းနှင့် မွန်တိုင်းရင်းသားအဖွဲ့ ၄ ခုက ဂုဏ်ယူဟု သဝဏ်လွှာပို့

Must read

ရန်ကုန်| ဒီဇင်ဘာ ၂၅

ဗမာအပါအဝင် ဘဝတူ အဖိနှိပ်ခံ တိုင်းရင်းသားလူမျိုးများအားလုံးကို လွတ်မြောက်ရေး အတွက် တိုက်ပွဲဝင်နေသော အာရက္ခတပ်တော် AA ၏ နိုင်ငံရေးအမြင်ကို ပအိုဝ်းနှင့် မွန်အဖွဲ့အစည်း ၄ ခုက ချီးမွမ်းဂုဏ်ပြုကြောင်း ပြောဆိုကြသည်။

ပအိုဝ်းနှင့် မွန်လူမျိုးတို့၏ လက်နက်ကိုင်အဖွဲ့များဖြစ်သော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ပအိုဝ်းအမျိုးသားဖက်ရယ်ကောင်စီ (PNFC) ၊ မွန်ပြည်သစ်ပါတီ-စစ်အာအာရှင်ဆန့်ကျင်ရေး (NMSP-AD)နှင့် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) တို့က ယနေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့ သဝဏ်လွှာပေးပို့ ဂုဏ်ပြုခဲ့ခြင်းဖြစ်သည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အား သိမ်းပိုက်နိုင်ခြင်းနှင့်အတူ မကြာမီကာလတွင် ရက္ခိုင်တစ်ပြည်လုံးရှိ စစ်ကောင်စီတပ်များ ကင်းစင်ပပျောက်သွားအောင် အာရက္ခတပ်တော် (AA) ၏ ဆက်လက်တိုက်ပွဲဝင်မှုနှင့် ရဲစွမ်းသတ္တိကို ဂုဏ်ပြုပါကြောင်း သဝဏ်လွှာတွင် ပြောဆိုထားသည်။

စစ်အာဏာရှင်စနစ်အောက်မှ ပထမဦးဆုံးလွတ်မြောက်မည့် ရက္ခိုင်ပြည်၏ အလားအလာကောင်း များနှင့်အတူ ရက္ခိုင်ပြည်လွတ်မြောက်ရေးတွင် သာရပ်တန့်မနေဘဲ တစ်နိုင်ငံလုံးရှိ ဗမာအပါအဝင် ဘဝတူ အဖိနှိပ်ခံ တိုင်ရင်းသားလူမျိုး အသီးသီး၏လွတ်မြောက်ရေးတိုက်ပွဲများနှင့် အပြန်အလှန်ဆက်စပ်၍ ပြည်သူ လူထုတစ်ရပ်လုံး အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေးအတွက် ULA/AA က နိုင်ငံရေးအမြင်ကျယ်စွာဖြင့် ပူးပေါင်းဆောင်ရွက်နေသည်ကိုလည်း အထူးပင်ဂုဏ်ယူရကြောင်း အဆိုပါ အဖွဲ့များက ဆိုသည်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) မှ ပြောခွင့်ရ နိုင်မွန်ဆိုင်းက “AA ရဲ့ ခေါင်းဆောင်တွေက သူတို့ရခိုင် ဒေသတစ်ခုတည်းနဲ့ လွတ်မြောက်ရုံနဲ့ မလုံလောက်ဘူးပေါ့နော်။ မလုံလောက်ဘူး။ ကျနော်တို့ တစ်နိုင်ငံလုံး စစ်အာဏာရှင်စနစ်အောက်ကနေ လွတ်မြောက်မှသာလျှင် လွတ်မြောက်မှု အစစ်အမှန်ကို ရမယ်ပေါ့နော်။ ဒါကို သူတို့ပြောထားတယ်။ ဒါ့ကြောင့် AA ရဲ့ လက်ရှိ အောင်ပွဲပေါ့နော် ဒီအောင်ပွဲက သူတို့ရဲ့ အောင်ပွဲဖြစ်သလို တိုင်းရင်းသားပြည်သူလူထုရဲ့ အောင်ပွဲလည်း ဖြစ်တယ်ဆိုတဲ့အကြောင်း ပြောထားတာ ကျနော်တို့ တွေ့ရပါတယ်။ AA ရဲ့ ခေါင်းဆောင်တွေရဲ့ မိန်းခွန်းမှာလည်း ထည့်ပြောထားတာတွေရှိတယ်။ ဒါက အထူးချီးမွမ်းဖို့ ကောင်းတာပေါ့နော်။ အထူးချီးကျူးဖို့ ကောင်းတယ်” ဟု ပြောသည်။

ဆက်လက်၍ “ဘာလို့ဆိုတော့ ကျနော်တို့ တိုင်းရင်းသားလူမျိုးပေါင်းစုံ တိုက်ပွဲဝင်နေတဲ့အချိန်မှာ ကိုယ်ရဲ့ဒေသ ကိုယ့်ရဲ့တိုက်ပွဲနဲ့ကိုယ်က ကိုယ့်ရဲ့ လှုပ်ရှားမှုတွေ၊ ကိုယ့်ရဲ့တော်လှန်ရေး လုပ်နေကြတယ်ဆိုသော်ငြားလည်း တစ်ဖက်နဲ့တစ်ဖက် ဒီ ဘာလဲ ဒီစိတ်ဓာတ်ရေးရာအရ ပြောဆိုမှုတွေ၊ ကူညီမှုတွေတွေ့ရတယ်။ နောက် သိတဲ့အတိုင်းပဲပေါ့နော် ဒီ ညီနောင်မဟာမိတ် သုံးဖွဲ့ဟာလည်း တခြားသော တော်လှန်ရေးအင်အားစုတွေ အထူးသဖြင့် နွေဦးတော်လှန်ရေး အင်အားစုတွေကို အာဏာသိမ်းပြီးကတည်းက ကူညီထောက်ပံ့တာ အပြည့်အဝ လုပ်ဆောင်ပေးခဲ့တယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် သူတို့ အခုလက်ရှိတိုက်နေတာက သူတို့ဒေသတစ်ခုတည်းအတွက် လွတ်မြောက်ရေး မဟုတ်ဘဲနဲ့ တစ်နိုင်ငံလုံး တစ်ပြည်လုံး တစ်တိုင်းပြည်လုံး လွတ်မြောက်ရေးအတွက် ကြိုးပမ်းနေတယ်ဆိုတာ ကျနော် ဒီ ၃ နှစ်တာကာလ တော်လှန်ရေးအတွင်းမှာတော့ ကျနော်တို့ ထင်ထင်ရှားရှား တွေ့ရတယ်။ ဒါကြောင့် သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို ချီးမွမ်းခြင်းဖြစ်ပါတယ်” ဟု ပြောသည်။

MNTJP/MNDAA, PSLF/TNLA နှင့် ULA/AA ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ နှစ်သစ်ကူးကြေညာချက်တွင် “မိမိတို့အားလုံးနှင့် မြန်မာပြည်သူတစ်ရပ်လုံး မျှော်မှန်းထားသော ဘုံရည်မှန်းချက်များ ပြည့်ဝစေရန်၊ လက်ရှိအခြေအနေကို အကောင်းဆုံး ကျော်လွှားနိုင်ရန်နှင့် စစ်အာဏာရှင် စနစ်ကို တိုက်ထုတ်နိုင်ရန်အတွက် လုပ်သင့်လုပ်ထိုက်သည်များကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း” ဖော်ပြခဲ့ပါသည်။

ထိုဖော်ပြချက်နှင့်အညီ ပြည်ထောင်စုတဝန်းလုံးတွင် ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်း၊ ဒုတိယလှိုင်းလုံးများနှင့်အတူ လူထုတော်လှန်ရေး၏ အောင်ပွဲအဆင့်ဆင့်ကို ရရှိခဲ့ပြီး စစ်အုပ်စု၏ ရှုံးနှိမ့်မှုများကိုလည်း ပီပီပြင်ပြင် တွေ့မြင်နေရပြီးဖြစ်ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

မွန်နှင့် ပအိုဝ်းတို့အနေဖြင့်လည်း “တစိတ်တပိုင်း လွတ်မြောက်ရုံဖြင့် အားလုံးမလွတ်မြောက်နိုင်၊ အားလုံး လွတ်မြောက်မှသာ လွတ်မြောက်မှုအစစ်အမှန်ကို အပြည့်အဝ ရရှိမည်၊ ယခုအောင်ပွဲသည် ရက္ခိုင်ပြည်သူတို့၏ အောင်ပွဲဖြစ်သကဲ့သို့ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထု တစ်ရပ်လုံး၏ အောင်ပွဲလည်းဖြစ်သည်”ဟု ခံယူထားသည်နှင့်အညီ သူ့အရေး ကိုယ့်အရေး၊ အားလုံးလွတ်မြောက်ရေးအတွက် စုပေါင်း တိုက်ပွဲဝင်ကြလျက် ရှိကြောင်း ပြောသည်။

တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထုအားလုံး လိုလားသော စစ်အာဏာရှင်စနစ်အပြီးတိုင် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး ဘုံလုပ်ငန်းစဉ်တွင် ညီနောင် မဟာမိတ်သုံးဖွဲ့ အပါအဝင် ဘဝတူညီနောင်တော်လှန်ရေးအင်အားစုများနှင့်အတူ ခိုင်ခိုင်မာမာ လက်တွဲ တိုက်ပွဲဝင်သွားမည် ဖြစ်ပါကြောင်း အဆိုပါ ၄ ဖွဲ့က ထုတ်ပြန်ပြောဆိုထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article