25 C
Yangon

ကမ္မမြို့ပေါ်ကို စစ်တပ် စစ်ကြောင်း ဝင်ရောက်လာ၍ ရပ်ကွက် ၁၂ ခုမှ သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေးနေရ၊ ဘုတလင်တွင်လည်း စစ်တပ်က ပြည်သူ ၅၀ ကျော်ကို လူသားဒိုင်း အဖြစ်ဖမ်းဆီးပြီး စစ်ကြောင်းထိုးနေ

Must read

ကမ္မမြို့ပေါ်ကို စစ်တပ် စစ်ကြောင်း ဝင်ရောက်လာ၍ ရပ်ကွက် ၁၂ ခုမှ သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေးနေရ၊ ဘုတလင်တွင်လည်း စစ်တပ်က ပြည်သူ ၅၀ ကျော်ကို လူသားဒိုင်း အဖြစ်ဖမ်းဆီးပြီး စစ်ကြောင်းထိုးနေ

ရန်ကုန်၊ ဒီဇင်ဘာ ၂၅

မကွေးတိုင်း၊ ကမ္မမြို့ပေါ်ကို အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝင်ရောက်လာ၍ ရပ်ကွက် ၁၂ ခုမှ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ညောင်ဂျစ်ပင်နှင့် ရေလာလေးရွာ၌ တပ်စွဲထးသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကမ္မမြို့ပေါ်ကို စစ်ကြောင်းထိုး ဝင်ရောက်လာ၍ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်းသိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ကမ္မမြို့ပေါ် ရပ်ကွက် ၁၂ ခုနှင့် အနီးအနားဝန်းကျင်ရှိ ကျေးရွာ ၁၈ ရွာမှသောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေး နေရခြင်းဖြစ်ကြောင်း သိရှိရသည်။

“နေအိမ်ပျက်စီးမှု အခြေအနေနဲ့ ပြည်သူတွေ ဖမ်းဆီးခံရမှုရှိမရှိတော့ မသိရသေးရဘူး။ စစ်ခွေးစစ်ကြောင်း ကမ္မမြို့ပေါ်မှာပဲရှိသေးတယ်။ သူတို့ထွက်လာတာက ညောင်ဂျစ်ပင်နဲ့ ရေလာလေးပေါ့ အဲက ထွက်လာတာ မြို့ပေါ်ရပ်ကွက် ၁၂ ရပ်ကွက်နဲ့ အနီးနာ ကျေးရွာတွေက ရွာပေါင်း ၁၈ ရွာလောက် တိမ်းရှောင်နေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က ပြည်သူ ၅၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး စစ်ကြောင်းထိုးနေကြောင်း ဒေသနေ သတင်းသမားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက် ၄ နာရီခန့်တွင် အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နမခ) မှ ကားများဖြင့် ထွက်လာသော အကြမ်းဖက်စစ်သားများသည် ဘုတလင်မြို့နယ်၊ ဇီးတော(န)ရွာ ၊ ရွှေချောင်းလည်ရွာ ၊ သရက်တိုရိုးရွာ နှင့် ကံသစ်ရွာတို့မှ ပြည်သူ များနှင့် ခရီးသွားပြည်သူများ ဈေးသည် များကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး စစ်ကြောင်းထိုးနေခြင်းကြောင်း သိရသည်။

“ဘုတလင်မြို့တွင်းကို ကားအကြီး ၃ စီး အင်အားအပြည့်နဲ့ ဝင်ရောက်လာပြီး ပြည်သူတွေဖမ်း စစ် ကြောင်းထိုးနေတာ၊ အခုက စစ်ကြောင်းက မငြိမ်သေးဘူး။ ကျီးပင်ချောင်းရွာနားမှာ ကျန်သေးတယ်။ ဘုတလင်မြို့တွင်းမှာရှိတဲ့ ပြည်သူတွေအနေနဲ့ သတင်အချတ်အဆက် မပြတ်ကြဖို့နဲ့ အချိန်မီရှောင် တိမ်းကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု ဒေသနေ သတင်းသမားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အကြမ်းဖက် စစ်ကောင်စီတပ်သားများက စစ်ကြောင်းထိုးရာ လမ်းတလျှောက်ရှိ ပြည်သူများကို လူသားဒိုင်း အဖြစ် ဖမ်းဆီးကာ စစ်ကြောင်း ထိုးနေခြင်းဖြစ်ပြီး မုံရွာ – ဘုတလင်လမ်းပိုင်းကို ခရီးသွားလာခြင်းမပြုကြရန်၊ ကျေးရွာနေ ပြည်သူများ အနေဖြင့်လည်း စစ်ကြောင်းချီတက်လာပါက အချိန်မီရှောင်တိမ်းကြရန်နှင့် စစ်ရေးအသိ၊ သတိဖြင့် နေထိုင်ကြရန် ဒေသတွင်း အဖွဲ့အစည်းများက သတိပေးချက် ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article