ရန်ကုန်၊ ရွှေဘိုမှ စစ်မှုထမ်း သင်တန်းဆင်း ၂ ဦးနှင့် ထီးလင်းမြို့မ ရဲစခန်းမှ ရဲတပ်သား ၁ ဦး အလင်းဝင်
ရန်ကုန်တိုင်း ကော့မှူးမြို့နယ်နှင့် စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်တို့မှ အတင်း အဓမ္မ စစ်မှုထမ်း စုစောင်းခံရသူ ၂ ဦး အလင်း ဝင်ရောက်ခဲ့ကြောင်း တောင်သူဦးကြီးများအဖွဲ့ – PDF အဖွဲ့မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ မလဝန်းက ရန်ကုန်ခေတ်သစ်မီ သတင်းဌာထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် ကော့မှူးမြို့နယ်နှင့် ရွှေဘိုမြို့နယ်တို့မှ အတင်း အဓမ္မ စစ်မှုထမ်း စုစောင်းခံရသူ ၂ ဦးသည် လက်နက်ခဲယမ်းများ ယူဆောင်လာခြင်းမရှိဘဲ တောင်သူဦးကြီးများအဖွဲ့ – PDF အဖွဲ့ထံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အလင်းဝင်ရောက် ခဲ့သူ ၂ ဦးသည် ရွှေဘိုမြို့နယ် လေ့ကျင့်ရေး ၈ မှ စစ်မှုထမ်း သင်တန်းဆင်းလာသူများဖြစ်ကြောင်း သိရှိရသည်။
“လက်ရှိမှာ အလင်းဝင်လာသူ နှစ်ယောက်ကို သေချာစွာ စစ်ဆေး မေးမြန်းပြီး သူတို့ရဲ့ လုံခြုံရေး၊ နေရေး၊ စားရေးတွေကို သက်ဆိုင်ရာ အဆင့်ဆင့် တာဝန်ရှိသူတွေရဲ့ လမ်းညွှန်မှုနဲ့ ထိန်းသိမ်း ဆောင်ရွက်ထားပါတယ်” ဟု တောင်သူဦးကြီးများအဖွဲ့ – PDF အဖွဲ့မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ မလဝန်းက ပြောဆိုသည်။
အလားတူ မကွေးတိုင်း၊ ထီးလင်းမြို့နယ်ရှိ မြို့မရဲစခန်းမှ အကြမ်းဖက် စစ်ကောင်စီတပ် ရဲတပ်သား ထန်းဖေသည် မိသားစုနှင့်အတူ သေနတ် ၁ လက် ယူဆောင်၍ အလင်းဝင်ရောက်ခဲ့သောကြောင့် ဂုဏ်ပြုဆုငွေ ငွေကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့ကြောင်း ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ရင်းများအဖွဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာထံသို့ပြောဆိုသည်။
ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ဗျူဟာ အမှတ် – ၈၁ (ယောဗျူဟာ) နှင့် အမှတ် (၁) စစ်ဒေသ ၊ ဂန့်ဂေါခရိုင်အမှတ် (၂ / ၄ / ၁၀) တပ်ရင်းကို ထီးလင်းမြို့ မြို့မရဲစခန်းမှ ရဲတပ်သား ထန်းဖေသည် မိသားစုနှင့် အတူ G-3 သေနတ် ၁ လက်၊ G-3 ကျည်ဘောက် ၂ ဘောက် ၊ 7.62 ကျည် ၁၉၄ တောင့်နှင့် အတူအလင်းဝင်ရောက်ခဲ့သဖြင့် ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၅၀ ကျပ်တိတိ ချီးမြှင့်ကာ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ခဲ့ကြောင်းသိရှိရသည်။
အကြမ်းဖက် စစ်တပ်မှ CDM ပြုလုပ်လိုသော စစ်ကောင်စီတပ်သားများ အချိန်မှီ အမြန်ဆုံး CDM ပြုလုပ်ပါက ကြိုဆိုမည်ဖြစ်ကြောင်း ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ရင်းများအဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောဆိုသည်။