ကန့်ဘလူ၊ မြကန်သာ ပျူစောထီး စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု ပျူစောထီး ၁ ဦး သေဆုံးပြီး စစ်သုံ့ပန်း ၁ ဦး ဖမ်းဆီးရမိကာ သေနတ် ၅ လက် သိမ်းဆည်းရရှိ
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မြကန်သာ ပျူစောထီးစခန်းကို တိုက်ခိုက် သိမ်းပိုက်ရာ ပျူစောထီး ၁ ဦး သေဆုံးပြီး စစ်သုံ့ပန်း ၁ ဦး ဖမ်းဆီးရမိကာ သေနတ် ၅ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ် ၈ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၂၅ ရက်နေ့ ည ၁၁ နာရီခန့်တွင် အင်အား ၆၀ ခန့်ဖြင့် တပ်စွဲထားသော ကန့်ဘလူမြို့နယ်၊ မြကန်သာ ပျူစောထီးစခန်းနှင့်ကျေးရွာကို ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ရာ တချို့ ပျူစောထီးများနှင့် စစ်သားများက လက်နက်ချ အညံ့ခံခဲ့ သော်လည်း လက်နက်မချဘဲ ခုခံသူများ ရှိခဲ့သောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှုအတွင်း စစ်သားနှင့် ပျူစောထီး ၁ ဦးသေဆုံးပြီး ၁ ဦး အရှင် ဖမ်းမိကာ ကျန်ရှိသူများ ထွက်ပြေး လွတ်မြောက်သွား ကြောင်း သိရှိရသည်။
“ပျူစောထီး ၃၀ ကောင် နဲ့ စစ်ခွေး ၂၈ ကောင် စုစုပေါင်း ၅၈ ဦးရှိတယ်။ ဝင်တိုက်တဲ့အချိန်မှာ ခုခံသူ ရှိသလို လက်နက်ချသူတွေလည်းရှိပါတယ်။ ၁၁ နာရီမှာ စတိုက်တာ ၁၂ နာရီလောက်မှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ သိမ်းပိုက်ပြီးတော့ ပြည်သူပိုင် ပစ္စည်းတွေကို မဖျက်ဆီးဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု ရွှေဘိုခရိုင်အမှတ် ၈ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ထို စခန်းသိမ်း တိုက်ပွဲအတွင်း G3 အမျိုးအစား သေနတ် ၂ လက် ၊ ကာဘိုင် အမျိုးအစားသေနတ် ၃ လက်၊ လက်ပစ်ဗုံး ၊ ခဲယမ်းများ နှင့် စစ်အသုံးအဆောင်ပစ္စည်းတချို့ သိမ်းပိုက်ရရှိခဲ့ပြီး လက်နက်ချအညံ့ခံသော ပျူစောထီးအဖွဲ့ဝင်များ၊ ဆေးကုသမှုခံယူနေသော ပျူစောထီးအဖွဲ့ဝင်များနှင့် မိသားစုဝင်များ ကို နောက်နောင်တွင် စစ်ကောင်စီ အကြမ်းဖက်မှုဖြစ်စဉ်၌ ပါဝင်ပတ်သက်ခြင်း လုံးဝမပြုလုပ်ကြရန် မှာကြားကာ နှစ်သစ်တွင် မိသားစုနှင့်အတူ အေးချမ်းပျော်ရွှင်စွာ နေထိုင်နိုင်ကြပါစေဟု ဆုတောင်း ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ် ၈ တပ်ရင်းမှ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။