25.9 C
Yangon

ရခိုင်ပြည်ရှိ မြို့ များအားလုံးနီးပါးကို AA က ဆက်တိုက်သိမ်းပိုက်ပြီးနောက် ကျောက်ဖြူရှိ တရုတ်အထူးစီးပွားရေးဇုန် စီမံကိန်း ကာကွယ်ရန် တရုတ်ပုဂ္ဂလိက လုံခြုံရေးအဖွဲ့ဝင် ၅၀၀ ဝန်းကျင် အသုတ်လိုက်ခွဲ၍ ရောက်ရှိလာ

Must read

ရခိုင်ပြည်ရှိ မြို့ များအားလုံးနီးပါးကို AA က ဆက်တိုက်သိမ်းပိုက်ပြီးနောက် ကျောက်ဖြူရှိ တရုတ်အထူးစီးပွားရေးဇုန် စီမံကိန်း ကာကွယ်ရန် တရုတ်ပုဂ္ဂလိက လုံခြုံရေးအဖွဲ့ဝင် ၅၀၀ ဝန်းကျင် အသုတ်လိုက်ခွဲ၍ ရောက်ရှိလာ

ရန်ကုန်၊ ဒီဇင်ဘာ ၃၀

ရခိုင်ပြည်ရှိ မြို့ များအားလုံးကို AA က ဆက်တိုက်သိမ်းပိုက်ပြီးနောက် ကျောက်ဖြူရှိ တရုတ်အထူးစီးပွားရေးဇုန် စီမံကိန်း ကာကွယ်ရန် တရုတ်ပုဂ္ဂလိကလုံခြုံရေးအဖွဲ့ဝင် ၅၀၀ ဝန်းကျင် အသုတ်လိုက်ခွဲ၍ ရောက်ရှိလာကြောင်း ကျောက်ဖြူ စီးပွားရေးဇုန် သတင်းရင်းမြစ်နှင့် နေပြည်တော် တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

ယခု ဒီဇင်ဘာလအတွင်း တရုတ် ပုဂ္ဂလိက လုံခြုံရေးအဖွဲ့များက အသုတ်လိုက်ခွဲ၍ ကျောက်ဖြူ စီးပွားရေးဇုန်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် Jammer များနှင့် CCTV တပ်ဆင်ခြင်းများကို လုပ်ဆောင်နေကြောင်း သိရှိရသည်။

“အခု ရောက်တာကတော့ ပုဂ္ဂလိက လုံခြုံရေးအဖွဲ့ဝင်တွေပါ။ လက်နက်ခဲယမ်း ကိုင်ဆောင်တာမျိုးမရှိပါဘူး။ အဓိက CCTV တပ်ဆင်တာ၊ Jammer တွေ တပ်ဆင်တာနဲ့ စီမံကိန်းပတ်ဝန်းကျင်မှာ လုံခြုံရေးဆိုင်ရာ ကိစ္စတွေ ပိုပြီး တိုးမြှင့်တာတွေ လုပ်ဆောင်နေပါတယ်။ လက်နက်ခဲယမ်းကိုင်ဆောင်တဲ့ တပ်ဖွဲ့ဝင်တွေတော့ မဟုတ်သေးပါဘူး” ဟု နေပြည်တော် တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

အဆိုပါ တရုတ်ပုဂ္ဂလိက လုံခြုံရေးအဖွဲ့ဝင်များမှာ သာမန် အရပ်ဝတ်များပင်ဖြစ်ပြီး ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းနှင့် တရုတ်နိုင်ငံသားများ ၏ လုံခြုံရေးအတွက် လိုအပ်သော အစီအမံများကို အဓိက ဦးတည်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ထို့ပြင် ဆိပ်ကမ်း၊ ရေနံနှင့်သဘာ၀ဓာတ်ငွေ့ ပိုက်လိုင်း နေ့စဉ် လုပ်ငန်းဆောင်တာများနှင့်ပတ်သက်သော ကွန်ပျူတာ ဆော့ဝဲလ် လုံခြုံရေးစနစ် အဆင့် မြှင့်တင်ခြင်းများကိုလည်း ဆောင်ရွက်နေကြောင်း သိရှိရသည်။

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် တရုတ်နှင့် စစ်ကောင်စီ လုံခြုံရေး ပူးတွဲအဖွဲ့က ဆောင်ရွက်ရန် ရှိနေပြီး ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း လုံခြုံရေးအတွက် တရုတ် ပုဂ္ဂလိက လက်နက်ကိုင်တပ်ဖွဲ့များပါ ခေါ်ယူမည်ဟုဆိုသော်လည်း လက်ရှိအချိန်အထိ တရုတ် ပုဂ္ဂလိက လက်နက်ကိုင်တပ်ဖွဲ့များ ​ရောက်ရှိလာခြင်းမရှိသေးဟု သိရှိရသည်။

ရခိုင်ပြည်တွင် တရုတ်နိုင်ငံက ရင်းနှီးမြုပ်နှံထားသော ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းကို ကာကွယ်ရေးအတွက် တရုတ်နှင့် စစ်ကောင်စီတို့ ပူးတွဲဆောင်ရွက်သည့် လုံခြုံရေးအဖွဲ့ကို ဗိုလ်ချုပ်ကျော်ရွှေထွန်းက ဦးဆောင်ပြီး တရုတ်လုံခြုံရေးများ၊ နည်းပညာရှင်များပါဝင်ဖွဲ့စည်းထားရာ အထူး စီးပွားရေးဇုန် စီမံကိန်းအတွက် လုံခြုံရေး အစီအမံများ စတင်ဆောင်ရွက်နေခြင်းဖြစ်သည်ဟု သိရှိရသည်။

လွန်ခဲ့သော နိုဝင်ဘာလအတွင်းတွင် ကျောက်ဖြူ အထူးစီးပွားရေးဇုန်၏ လုံခြုံရေးအတွက် စစ်ကောင်စီနှင့် တရုတ်တို့ပါဝင်သော လုံခြုံရေးအဖွဲ့ကို ပူးတွဲ ဖွဲ့စည်းခဲ့ပြီး ကျောက်ဖြူအထူး စီးပွားရေးဇုန် စီမံခန့်မှုခွဲကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ် ကျော်ရွှေထွန်းနှင့် တရုတ် CITIC Group ကုမ္ပဏီမှ တာဝန်ရှိသူများ၊ တရုတ်လုံခြုံရေးအဖွဲ့ဝင်များ၊ တရုတ်နည်းပညာရှင်များ ပါဝင်ခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီနှင့် တရုတ် တို့အကြား အကျိုးတူပူးပေါင်းသည့် လုံခြုံရေးကုမ္ပဏီ (Joint Venture Security Company) တည်ထောင်ရေးအတွက် လုပ်ငန်းကော်မတီတရပ်ကိုတည်ထောင်ပြီးနောက် ကျောက်ဖြူစီမံကိန်းအတွက် စစ်ကောင်စီနှင့် တရုတ်ပူးပေါင်းထားသော လုံခြုံရေးအဖွဲ့ ဖုတ်ပူမီးတိုက် ဖွဲ့စည်းခဲ့သည်။

ကျောက်ဖြူ စီးပွားရေးဇုန် ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ကျော်ရွှေထွန်းမှာ လက်ရှိတွင် တောင်ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူးတာဝန်ကို ထမ်းဆောင်နေသော ရေတပ် ဗိုလ်ချုပ်တစ်ဦးလည်းဖြစ်ပြီး ၂၀၂၃ ခုနှစ်အတွင်း ၎င်းကို ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ၏ ဥက္ကဌအဖြစ် စစ်ကောင်စီက ခန့်အပ် တာဝန်ပေးခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် AA က ရခိုင်ပြည်နယ်နှင်ပလက်၀ရှိ မြို့နယ် ၁၅ ခုကို တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီး စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့ ၃ ခုသာ သိမ်း ပိုက်ရန် ကျန်ရှိတော့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- တရုတ်နိုင်ငံမှ ပုဂ္ဂလိက လုံခြုံရေးဝန်ထမ်းတချို့။ (ပုံအဟောင်းဖြစ်ပါသည်။)

682506440
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article