အင်းစိန်နှင့် မြောက်ဥက္ကလာပမြို့နယ်တို့တွင် လက်ဖက်ရည်ဆိုင်ထိုင်နေသော လူငယ်များကို စစ်တပ်က ဝင်ဖမ်းခြင်း၊ လှည့် ကင်းကားဖြင့် လမ်းသွားလမ်းလာ လူငယ်များကို အမေးအမြန်းမရှိ ဖမ်းဆီးခြင်းများ ဖြစ်ပွားနေ
ရန်ကုန်၊ဒီဇင်ဘာ ၃၀
ရန်ကုန်မြို့ အင်းစိန်မြို့နယ် အနောက်ကြို့ကုန်းတွင် လူငယ် ၁၅ ဦးကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားကာ ပိုက်ဆံဖြင့် ပြန်ရွေးလာသော လူငယ် ၁၂ ဦး ပြန်လည် လွှတ်ပေးလိုက်ကြောင်း ဖမ်းဆီးခံရသူ လူငယ်များ၏ မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ယမန်နေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် လက်ဖက်ရည်ဆိုင်ထိုင်နေသည့် လူငယ် ၁၂ ဦးကို အကြမ်းဖက်စစ်တပ်က အကြောင်းမဲ့ ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း၊ ထို့အတူ အနောက်ကြို့ကုန်း ပန်းဈေးအနီးရှိ ရတနသိင်္ခဘုန်းကြီး ကျောင်းတွင် နေထိုင်သည့် လူငယ် ၃ ဦးကိုလည်း စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးခံရသော လူငယ်များမှာ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်များဖြစ်ကြောင်း သိရှိရသည်။
” လက်ဖက်ရည်ဆိုင်မှာ ထိုင်နေရင်း ဖမ်းဆီးခံရသူတွေက ဘယ်လောက်ပေးရလဲတော့ မသိဘူး ပိုက်ဆံနဲ့ရွေးမှ လူငယ် ၁၂ ဦး ပြန်လွတ်လာတယ်။ ဘုန်းကြီးကျောင်းနေတဲ့ လူငယ်တွေက နာမည်အတိအကျနဲ့ လာဖမ်းသွားတာ။ ပြီးတော့ အဲဒီ ဖမ်းခံရတဲ့ ၃ ယောက်ထဲက တစ်ယောက်ရဲ့ အဖေနဲ့ အမေကိုလည်း ထပ်ဖမ်းသွားတယ် “ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောပြသည်။
လက်ရှိအချိန်အထိ ဖမ်းဆီးခံထားရဆဲ လူငယ်များနှင့်ပတ်သက်ပြီး သတင်းအစအနမရရှိကြောင်း ရပ်ကွက်နေပြည်သူများက ပြောဆိုသည်။
ထို့အတူ မြောက်ဥက္ကလာပမြို့နယ်ရှိ ပုရွက်ဆိတ်ကုန်းဘူတာ (ကြံခင်းစု ရပ်ကွက်) နှင့် မြို့နယ်အတွင်းရှိ ရပ်ကွက်နေရာ အများစုတွင် အကြမ်းဖက် စစ်တပ်၏ လှည့်ကင်းကားများက လူငယ်များကို ပစ်မှတ်ထား၍ ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်နေပြီး အရပ်ဝတ်ဖြင့် လိုက်လံဖမ်းဆီးနေခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးခံရသော လူငယ်များကို စစ်တပ်က ၎င်းတို့ တပ်စွဲထားသော နေရာများသို့ ခေါ်ဆောင်သွားပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ပွဲစား လုပ်ကာ မိသားစုဝင်များထံမှ ငွေကြေးဖြင့် တောင်းခံခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်က လူငယ် ၁ ဦးကို ငွေကျပ် သိန်း ၅၀ ဖြင့် ရွေးထုတ်ခိုင်းကြောင်း၊ ထို့ပြင် ငွေကြေးမပြည့်စုံသည့် လူငယ်များကို စစ်မှုထမ်း စုဆောင်းရေးစခန်းများထံ ပို့ဆောင်ကြောင်း သိရှိရသည်။
ယခုဒီဇင်ဘာလ အတွင်း မြောက်ဥက္ကလာမြို့နယ်တွင် ဝေဘာဂီရပ်ကွက်မှ လူငယ် ၄ ဦး၊ ဂ ရပ်ကွက်မှ လူငယ် ၅ ဦးနှင့် ဌ ရပ်ကွက်ထဲမှ လူငယ် ၃ ဦး ဖမ်းဆီးခံပြီး ပျောက်ဆုံးနေသည့် လူငယ်အများအပြားရှိကာ စာရင်းအတိအကျ ပြုစုရန် ခက်ခဲနေကြောင်း သိရသည်။
“မြောက်ဥက္ကလာမှာ ပေါ်တာဆွဲ အဖမ်းအဆီးခံရတာ အရမ်းများနေပါတယ်။ အထူးသဖြင့် စစ်ခွေးတွေက မနက်ပိုင်း ကင်းပတ်ချိန်တွေနဲ့ ညနေပိုင်း ကင်းပတ်ချိန်မှာ အဖမ်းများတယ်။ အရပ်ဝတ်ကော ယူနီဖောင်း အပြည့်အစုံကော ကင်းပုန်းချပြီးကို ဖမ်းဆီးနေတာ ညနေ ၆ နာရီကျော်ရင် အတော်လေး စိတ်မချရတော့ပါဘူး။ ကြံခင်းစုရပ်ကွက်မှာ အများဆုံးပဲ ဖမ်းဆီးခံရတဲ့သူတွေ ဒီဇင်ဘာလ ဒုတိယပတ်ကစပြီး ပေါ်တာဆွဲခံရတာတွေနဲ့ ပျောက်ဆုံးလာတဲ့ လူငယ်တွေက ပိုများလာတယ်။ စစ်ခွေးတွေက လူပြန်ရွေးခိုင်းရင် ငွေကျပ် ၁၀ သိန်းကနေ သိန်း ၅၀ ထိ တောင်းပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ- ရန်ကုန်တွင် ပတ်နေသော အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ရဲကားတစ်စီး။