မြင်းခြံမြို့နယ်၊ လယ်သစ်ရွာမှ စစ်ကြောင်းထိုးလာသော စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံး
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ လယ်သစ်ရွာမှ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း Freedom Fighter Guerrilla Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် မြင်းခြံမြို့နယ်၊ လယ်သစ်ရွာမှ စစ်ကြောင်းထိုးလားသော အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက တောလမ်း တစ်နေရာ၌ ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှုသည် မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိကာ စစ်တပ် စစ်ကြောင်း အထိနာပြီး လယ်သစ်ရွာအတွင်းကို ပြန်လည်ဆုတ်ခွာသွားကြောင်း သိရှိရသည်။
“တော်လှန်ရေး အင်အားစုတွေ စည်းစည်းလုံးလုံးနဲ့ လုပ်မယ်ဆိုရင် စစ်ခွေး အင်အား ဘယ်လောက် အင်အားကြီးကြီး ဟန့်တားနိုင်တယ်။ အခုတိုက်ပွဲကလည်း စစ်ခွေးတွေက အင်အား အလုံးအရင်းနဲ့ လာတာကို ကြားဖြတ် တိုက်ခိုက်တာပေါ့။ ကျန်တော်တို့ ဒီလိုမျိုး စည်းစည်းလုံးလုံးနဲ့ တိုက်ရင် သူတို့လည်း ပြန်ဆုတ်ရတာပဲ တိုက်ပွဲမှာလည်း စစ်ခွေးတွေက ဟောင်ဝှစ်ဇာတွေ ၁၂၀ မမ တွေနဲ့ ဆက်တိုက်ပစ်တာပဲ ဒါပေမယ့်လည်း ဒီဖက်ထိ မတက်နိုင်သေးဘူး။ ကျွန်တော်တို့ ကြားဖြတ်ပြီး ဟန့်တားထားနိုင်တယ်။ အဲတာကြောင့် တော်လှန်ရေး အင်အားစုတွေ စည်းစည်းလုံးလုံးနဲ့ ဆက်ပြီး တိုက်ခိုက်သွားစေချင်တယ်” ဟု Freedom Fighter Guerrilla Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Freedom Fighter Guerrilla Force ၊ LACR ၊8 Stars နှင့် တော်လှန်ရေး မဟာမိတ်များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။