ရန်ကုန်၊ ဒီဇင်ဘာ ၃၁
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ကြက်ဖြူကန်ရွာတွင် နယ်မှ အလုပ်လာလုပ်သော လူငယ် လူငယ် ၁၀ ဦးကို စစ်မှုထမ်းရန်အတွက် စစ်တပ်က ဖမ်းဆီးပြီး ခမရ ၃၁၃ တပ်ရင်းထဲသို့ ခေါ်ဆောင်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။
ယမန်နေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်ခန့်အချိန် မှော်ဘီမြို့နယ်၊ ကြက်ဖြူကန်ရွာတွင် နယ်မှ အလုပ်လာလုပ်သော လူငယ်များ နေထိုင်သည့် လိုင်းခန်းကို ရာအိမ်မှူး ငပွေးနှင့် အကြမ်းဖက် စစ်သားများက ဧည့်စာရင်း စစ်ဆေးမည်ဟုဆိုကာ ဝင်ရောက် စီးနင်းခဲ့ကြောင်း၊ ထိုသို့ စီးနင်းပြီးနောက် လိုင်းခန်းရှေ့တွင် လူငယ်များကို ဒူးထောက်ခိုင်းပြီး မဲနှိုက်ခိုင်းခဲ့ကြောင်း၊ မဲပေါက်သည့် လူငယ် ၁၀ ဦးကို စစ်မှုထမ်းရမည်ဟုဆိုကာ ခမရ ၃၁၃ တပ်ရင်းထဲသို့ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း၊ အဆိုပါ ဖမ်းဆီးခံရသူများသည် နယ်မှ အလုပ်လာလုပ်သော ဧည့်စာရင်းဖြင့် နေထိုင်နေသည့် လူငယ်များဖြစ်ပြီး တစ်နေ့လုပ် တစ်နေ့စား မိသားစုသာဖြစ်ကြောင်း သိရှိရသည်။
ခမရ ၃၁၃ သည် ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ရန်ကုန်-ပြည်လမ်း၊ သံဒေပင်ကျေးရွာတွင် တည်ရှိကြောင်း သိရှိရသည်။
ဖမ်းဆီးခံရသော လူငယ်များအနက်မှ လူငယ်တစ်ဦး၏ အမျိုးသမီးသည် ကလေးမွေးဖွားထားသည်မှာ ရက်ပိုင်းမျှသာ ရှိသေးပြီး မီးတွင်းထဲမှ မထွက်ရသေးကြောင်း သိရှိရသည်။
“ကြက်ဖြူကန်ကျေးရွာမှာ ၃၀ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်ခန့်က ဧည့်စာရင်းစစ်မယ်ဆိုပြီး ရာအိမ်မှူး ငပွေးနဲ့ စစ်သားတွေက နယ်ကအလုပ်လာလုပ်တဲ့ လူငယ်တွေနေတဲ့ လိုင်းခန်းကို စီးနင်းတယ်။ ပြီးတော့ လူငယ်တွေကို မဲနှိုက်ခိုင်းတယ်။ မဲနှိုက်ခိုင်းပြီး မဲပေါက်တဲ့ လူငယ် ၁၀ ဦးကို ခမရ ၃၁၃ တပ်ရင်းထဲ ဖမ်းဆီးခေါ်ဆောင်သွားတယ်။ စစ်တပ်က ဝင်ရောက် စီးနင်းတဲ့ လိုင်းခန်းက ဧည့်စာရင်းနဲ့ နေထိုင်ရတဲ့ နယ်က အလုပ်လာလုပ်ကျတဲ့ မိသားစုတွေ နေထိုင်တာပါ။ အလုပ်သမားလေးတွေပဲနေတာ လက်လုပ် လက်စားလေးတွေပါ။ ဖမ်းဆီးရတဲ့ သူတွေထဲမှာ ပန်းရံ အလုပ်သမားလေး ၁ ယောက်လည်းပါတယ်။ သူ့ အမျိုးသမီးက အိမ်အကူလုပ်တယ်။ သူ့ အမျိုးသမီးက ကလေးမွေးထားတာမကြာသေးပါဘူး။ မီးတွင်းထဲမထွက်သေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
မှော်ဘီမြို့နယ်၊ ကြက်ဖြူကန်ရွာ ရာအိမ်မှူး ငပွေးသည် ကျေးရွာအတွင်း ၇ ရက် တစ်ခါ ဧည့်စာရင်းကြေး တစ်ဦးလျှင် ငွေကျပ် ၃၀၀၀ လိုက်လံကောက်ခံပြီး ပြည်သူများကို အကြောင်းမဲ့ အနိုင်ကျင့်မှုများ လုပ်ဆောင်နေသူဖြစ် ကြောင်း သိရသည်။
ဓာတ်ပုံ – အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရဲများက လူငယ်များကို ဖမ်းဆီးနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar