ရန်ကုန်၊ ဒီဇင်ဘာ ၃၁
ပြည်တွင်းတွင် အော်ရီဒူး ဖုန်းနံပါတ်များနှင့် ချိတ်ဆက်ထားသော KBZ Pay အကောင့်များမှ ငွေများ ခိုးယူခံနေရပြီး ကမ္ဘောဇဘဏ်က တာဝန်ယူ ဖြေရှင်းပေးခြင်းမရှိဟု ငွေဆုံးရှုံးနေသည့် ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
ယခုရက်ပိုင်းအတွင်း ကမ္ဘောဇဘဏ်အကောင့်များနှင့် ချိတ်ထားသော K Pay အကောင့်များသည် အလိုအလျောက် ငွေကြေးများကို လွှဲပြောင်းခြင်း၊ ဘဏ်အကောင့်မှ ငွေများကို K Pay အတွင်းသို့ အလိုအလျောက် လွှဲပြောင်းပြီးနောက် အခြားမသိသော K Pay အကောင့်များသို့ လွှဲပြောင်းခြင်းများ ဖြစ်ပေါ်ပြီး ငွေများ ဆုံးရှုံးခြင်းဖြစ်ကြောင်း၊ အထူးသဖြင့် အော်ရီဒူးဖုန်းနံပါတ်ဖြင့် ဖွင့်ထားသော K Pay အကောင့်များ ထိုသို့ ကြုံတွေ့နေရခြင်းဖြစ်ကြောင်း သိရှိရသည်။
“ညပိုင်း ကျနော့် ဖုန်းထဲကို မက်ဆေ့ဝင်လာတယ်။ K Pay ကနေ ငွေလွှဲပြောင်းတာ။ ဘဏ်အကောင့်ထဲကနေ K Pay ကို ငွေလွှဲတယ်။ အဲဒီငွေကို အခြားမသိတဲ့ K Pay တစ်ခုထဲကို ထပ်လွှဲတယ်။ OTP ကျလာတယ်။ အဲဒီ OTP လည်းမဖြည့်ဘဲကို အော်တိုတွေ ဖြစ်နေတာ။ ကြည့်ရတာ ဘဏ်ဝန်ထမ်းတွေ ပါတယ်ထင်တယ်။ လုံခြုံရေးကျိုးပေါက်တာလားမသိဘူး။အဲဒါ ကွန်ပလိန်းတက်တော့ ရဲစခန်းမှာ အမှုဖွင့်ပြီး ထောက်ခံစာပါမှ စစ်ဆေးပေးမယ်ပြောတယ်။ အကောင့်ကို ပိတ်ပေးပါလို့ပြောတာလည်း မပိတ်ပေးဘူး။ အဲဒါ စုစုပေါင်း သိန်း ၂၀ အကုန်အခိုးခံလိုက်ရတယ်” ဟု K Pay သုံးစွဲသူ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မရမ်းကုန်းမြို့နယ် ၂ ရပ်ကွက်မှ Online Shop အရောင်းအဝယ်လုပ်သူတစ်ဦးကလည်း K Pay အတွင်းမှ ငွေကျပ် သိန်း ၅၀ နီးပါး ခိုးယူခံရကြောင်း၊ ယင်းဖြစ်စဉ်ကို K Pay သို့ ဖုန်းဆက်၍ အကြောင်းကြား တိုင်ကြားသော်လည်း တာဝန်ယူမှု တစ်စုံတစ်ရာမရှိကြောင်း၊ သုံးစွဲသူကိုပင် Kpay က ပြန်လည် အပြစ်တင်နေကြောင်း ပြောဆိုသည်။
“ဖုန်းထဲက OTP ကျလာတာလည်း ဘယ်သူ့ကို မှမပေးပါဘူး။ ဖုန်းကလည်း ကိုယ်လက်ထဲမှာ ။ မိနစ်ပိုင်းအတွင်း ငွေတွေ လွှဲနေတာ။ K pay Centerကို ဖုန်းဆက်ပေမယ့် ဘာမှတာဝန်မယူဘူး။ ရဲစခန်းမှာ အမှုဖွင့်ပြီး စာရွက်စာတန်းယူလာရမယ်တဲ့။ ရဲစခန်းမှာ အမှုသွားဖွင့်တော့ ဖုန်းကို သိမ်းပြီး စစ်ဆေးပြီးမှ အမှုဖွင့်ပေးမယ်တဲ့။ ကိုယ်ဆုံးသွားတာက သိန်း ၅၀ ပြန်ရမှာလား ပြန်ရမှာလားမသေချာဘူး။ တကယ့်ကို ဒုက္ခပေးလွန်းတယ်။ ကိုယ့်မှာ ဘာမှမလုပ်ဘဲ ဖြစ်ရတာလေ” ဟု မရမ်းကုန်းမြို့နယ် ၂ ရပ်ကွက်မှ Online Shop အရောင်းဝယ်လုပ်သူက ရှင်းလင်းပြောဆိုသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ကမ္ဘောဇဘဏ်အကောင့်နှင့် ချိတ်ဆက်ထားသော K Pay အကောင့်များ၊ ငွေများစွာ သိမ်းဆည်းထားသော K Pay အကောင့်များအတွင်းမှ ငွေများ ခိုးယူခံရသည့်ဖြစ်စဉ်များအတွက် တိုင်ကြားသည့်အမှုပေါင်း ၂၀ ထက်မနည်းရှိနေပြီး အဆိုပါ အမှုများနှင့်ပတ်သက်၍ K Pay စင်တာသို့ ဆက်သွယ်ခဲ့သော်လည်း တစ်စုံတစ်ရာ တုံ့ပြန်ခြင်းမရှိပေ။
KBZ Pay ဟု အများခေါ်သည့် K Pay သည် ပြည်တွင်းတွင် လူသုံးများပြီး စစ်အာဏာသိမ်းချိန်ကာလကလည်း တော်လှန်ရေးသို့ လှူဒါန်းမှု ပြုသည်ဟုဆိုကာ အကောင့်များစွာကို ကမ္ဘောဇဘဏ်က အကြောင်းပြချက်မရှိဘဲ ပိတ်ပင်မှုများ လုပ်ဆောင်ခဲ့ဖူးသည်။
ဓာတ်ပုံ – KBZ Pay အကောင့်တစ်ခု ဝင်မရတော့ဘဲ ဖြစ်နေစဉ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar