ပခုက္ကူတွင် စစ်ကြောင်းထိုး မီးရှို့နေသည့် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၈ ဦးသေဆုံးပြီး ပြည်သူ ၁၀၀ ကျော်ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးထား၊ ချိုင်ရွာနှင့် စဘေရွာကိုလည်း ၂ ရက်ဆက် မီးရှို့ဖျက်ဆီးနေ
ရန်ကုန်၊ ဒီဇင်ဘာ ၃၁
မကွေးတိုင်း ပခုက္ကူမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးမီးရှို့နေပြီး လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၈ ဦးသေဆုံးပြီး ပြည်သူ ၁၀၀ ကျော်ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၃၀ ရက်နေ့က စတင်ပြီး ပခုက္ကူမြို့နယ်အတွင်းရှိ မြစ်ခြေမြို့နှင့် ကမ္မမြို့ အစပ်ကို ရောက်ရှိနေသော ရိက္ခာပို့ စစ်ကြောင်းများ ဖြတ်သန်းသွားလာနိုင်ရန် နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီး ကျေးရွာများကို ဆက်တိုက် မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ချိုင်ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယနေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင်လည်း စဘေရွာကိုထပ်မံ မီးရှို့နေပြီး စစ်ကြောင်းအားလုံး မြစ်ခြေမြို့ဘက်ကို ရောက်ရှိနေကြောင်း သိရှိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးထိမှန်ပြီး ပြည်သူ ၈ ဦးသေဆုံးကာ ပြည်သူ ၁၀၀ ကျော်ကိုလည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လူသားဒိုင်းအဖြစ် ဖမ်းဆီးထားကြောင်း၊ ထိုသို့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကျေးရွာများကို ဆက်တိုက် စီးနင်းနေ၍ ရွာပေါင်း ၃၀ ကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
ယင်းစစ်ကြောင်းသည် လက်ရှိချိန်တွင် မြစ်ခြေမြို့ပေါ်ကို ရောက်ရှိနေပြီး ပြည်သူပိုင်နေအိမ်များကို ဖောက်ထွင်း၍ ပြည်သူပိုင် ပစ္စည်းမျာကို ခိုးယူ လုယက်လျက်ရှိနေကြောင်း သိရှိရသည်။
“စစ်ခွေး စစ်ကြောင်းက ဒီနေ့ ၃၁ ရက်နေ့မှာ စဘေကျေးရွာကို မီးထပ်ရှို့တယ်။ ဖမ်းဆီးခံရတဲ့ ပြည်သူတွေလည်း ၁၀၀ ကျော်လောက်ရှိတယ်။ စစ်ခွေးတွေ ပစ်တဲ့ လက်နက်ကြီးထိမှန်ပြီး ပြည်သူသေဆုံးမှုကတော ၈ ဦးထိရှိလာပြီ မြစ်ခြေမြို့ အပါအဝင်ကျေးရွာပေါင်း ၃၀ ကျော်က သောင်းနဲ့ချီတဲ့ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်” ဟု ဒေသ ပြည်သူတစ်ဦးက ပြောဆိုသည်။