ရန်ကုန်၊ ဇန်နဝါရီ ၁
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် ပိတ်မိနေသည့် တရုတ်နိုင်ငံသား အလုပ်သမား ၁၂၉ ဦးကို အမျိုးသားညီညွတ်ရေးအစိုရး- NUG က နေရပ်ပြန်နိုင်ရေး စီမံဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်သည်။
ယနေ့ ၂၀၂၅ နှစ်သစ်ကူး နိုင်ငံတော်အခြေပြ မိန့်ခွန်းတွင် ယာယီသမ္မတက အထက်ပါကိစ္စကို ထည့်သွင်းပြောဆိုသွားခြင်းဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဒေသတွင်း အိမ်နီးချင်း နိုင်ငံများအပါအဝင် နိုင်ငံတကာနှင့် ဆက်ဆံရေး ကောင်းမွန်စေရန် အမြဲကြိုးစားနေကြောင်း၊ ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသော စီမံကိန်းမှ တရုတ်နိုင်ငံသား အလုပ်သမားများ အိမ်မပြန်နိုင်သည်မှ နှစ်ကြာမြင့်နေပြီဖြစ်သဖြင့် နေရပ်ပြန်နိုင်ရေး NUG အစိုးရက ကူညီပေးခဲ့ကြောင်း ၎င်းက ပြောဆိုသည်။
“ကျနော်တို့နိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ စီမံကိန်းမှ တရုတ်နိုင်ငံသား အလုပ်သမားများ လက်ရှိ မြန်မာနိုင်ငံရဲ့ ပဋိပက္ခကြောင့် ၎င်းတို့ အမိမြေကို အိမ်မပြန်နိုင်ခဲ့တာ ၄-၅ နှစ်တာမျှ ကြာမြင့်ခဲ့ပြီလို့ သိရပါတယ်။ အဆိုပါ တရုတ်နိုင်ငံသားများ ၁၂၉ ဦးကို တရုတ်နှစ်သစ်ကူး ကာလမတိုင်မီ မိသားစားများနှင့်အတူ ပေါင်းစည်းနိုင်ရေးအတွက် ၎င်းတို့ အပြန်ခရီးကို လုံခြုံစိတ်ချစွာ မိမိတို့ အစိုးရက စီမံဆောင်ရွက်ခဲ့ပါတယ်။ ကျနော်တို့ အစိုးရအနေဖြင့် တရုတ်နိုင်ငံသားများ လုံခြုံစွာ အိမ်ပြန်နိုင်ရေး ပူးပေါင်းဆောင်ရွက်နိုင်ခဲ့မှု အတွက် ဝမ်းသာမိပါတယ်” ဟု ယာယီသမ္မတက ပြောဆိုသည်။
အိမ်နီးချင်းနိုင်ငံများ နှင့် ဒေသတွင်းနိုင်ငံများအနေဖြင့် အကြမ်း ဖက် စစ်ကောင်စီကို မိမိတို့ အကျိုးစီးပွားအတွက် ဆက်လက် အပံ့အပိုး ပြုနေမှုများကို ရပ်တန့်ရန်လည်း ယာယီသမ္မတ ဒူဝါလရှီးလက မေတ္တာရပ်ခံထားသည်။
လတ်တလော မြန်မာနိုင်ငံအတွင်းရှိ တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားသော တရုတ်စီမံကိန်းများသည် NUG နှင့်တိုင်းရင်းသား တော်လှန်ရေးတပ်များ၏ လက်အောက်သို့ တဖြည်းဖြည်းရောက်ရှိလျက်ရှိကြောင်း ဆန်းစစ်လေ့လာရေး အဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar