ရန်ကုန်၊ ဇန်နဝါရီ ၂
အကြမ်းဖက် စစ်ကောင်စီက သန်းခေါင်စာရင်း လုံးဝမကောက်ယူနိုင်သည့် မြို့နယ် ၅၈ မြို့နယ်နှင့် တစ်စိတ်တစ်ဒေသသာ ကောက်ယူနိုင်သည့် မြို့နယ် ၁၂၇ မြို့နယ်ရှိပြီး လူဦးရေ ၁၉ သန်းကျော်ကို ကောက်ယူနိုင်ခဲ့ခြင်းမရှိကြောင်း Data for Myanmar အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၄ ခုနှစ်တွင် အကြမ်းဖက် စစ်ကောင်စီက ရှေ့ပြေးလူဦးရေစာရင်း ကောက်ယူရာတွင် မြို့နယ် ၁၄၅ မြို့နယ်တွင် ရာနှုန်းပြည့် စာရင်းကောက်ယူနိုင်ခဲ့ပြီး မြို့နယ် ၁၂၇ မြို့နယ်တွင် တစ်စိတ်တစ်ဒေသသာ စာရင်းကောက်ယူနိုင်ခဲ့ကြောင်း၊ ထို့ပြင်မြို့နယ် ၅၈ မြို့နယ်တွင် လုံးဝ စာရင်းကောက်ယူနိုင်ခဲ့ခြင်းမရှိကြောင်း ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာနက ထုတ်ပြန်ထားသည်။
ရှေ့ပြေးလူဦးရေစာရင်း အစီရင်ခံစာမှာ ဖော်ပြချက်အရ မြန်မာနိုင်ငံမှာ လူဦးရေ ၅၁ သန်းကျော်ရှိပြီး ၃၂ သန်းကျော်သာ ကောက်ယူနိုင်ခဲ့ပြီး ၁၉ သန်းကျော်ကို မကောက်ယူနိုင်ခဲ့ကြောင်းသိရသည်။
အကြမ်းဖက် စစ်ကောင်စီသည် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ နေပြည်တော်နဲ့ ပဲခူးတိုင်း (အနောက်ခြမ်း) တို့တွင် ရာနှုန်းပြည့် သန်းခေါင်စာရင်း ကောက်ယူနိုင်ခဲ့ပြီး ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း(အရှေ့ခြမ်း)၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နဲ့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် တစ်စိတ်တစ်ဒေသသာ ကောက်ယူနိုင်ပြီး စုစုပေါင်း ဒေသ လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကျော်သာ ကောက်ယူနိုင်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် အကြမ်းဖက် စစ်ကောင်စီက စစ်ကိုင်းတိုင်းမှ လူဦးရေ ၅.၂ သန်း၊ မကွေးတိုင်းမှ လူဦးရေ ၂ သန်း၊ ရခိုင်ပြည်နယ်မှ လူဦးရေ ၂.၁ သန်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ လူဦးရေး ၂.၇ သန်းနှင့် ကချင်ပြည်နယ်မှာ လူဦးရေ ၁.၄ သန်းတို့ကို သန်းခေါင်စာရင်း လုံးဝကောက် ယူနိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar