ရခိုင်နှင့် ပဲခူး ထိစပ်နေသော ပန်းတောင်း-တောင်ကုတ်လမ်းပိုင်းနှင့် စစ်တပ် တပ်စွဲထားသော နေရာများတွင်လည်း တိုက်ပွဲများဖြစ်ပွားနေ
ရခိုင်ပြည်နယ်နှင့် ပဲခူးတိုင်း ထိစပ်နေသော ဥသျှစ်ပင်-ပန်းတောင်း-တောင်ကုတ်လမ်းပိုင်းနှင့် စစ်တပ် တပ်စွဲထားသော နေရာများတွင် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ပြီး ဥသျှစ်ပင်-ပန်းတောင်း-တောင်ကုတ်လမ်းပိုင်းတွင် တိုက်ပွဲစတင်ဖြစ်ပွားပြီးနောက် ပန်းတောင်းမြို့နယ်အတွင်းရှိ မသုန်ရွာဘက်တွင်လည်း ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါ ထိတွေ့ တိုက်ပွဲများသည် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများတွင် ဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်တပ်က ဖုန်းလိုင်းများပါ ဖြတ်တောက်နေသည့် အတွက် မြေပြင် အခြေအနေကို အတည်ပြုနိုင်ရန် ခက်ခဲနေကြောင်း သိရှိရသည်။
” ဥသျှစ်ပင်-ပန်းတောင်း တောင်ကုတ်လမ်းပိုင်းမှာတော့ တိုက်ပွဲဖြစ်နေပါတယ်။ လမ်းတွေ ပိတ်မပိတ်တော့ အတည်မပြုနိုင်သေးဘူး။ နောက်ပြီး ပန်းတောင်းမြို့နယ်ထဲက မသုန်ရွာ ဘက်တွေမှာလည်း သေနတ်သံတွေ ကြားနေရတယ်လို့ပြောပါတယ်။ တိုက်ပွဲက နေရာကွက်ကြားဖြစ်နေတဲ့ သဘောပဲ စစ်ခွေးတွေ လေကြောင်းသုံးမသုံးကတော့ အတည်မပြုနိုင်သေးဘူး။ ဘာလို့ဆိုရင် အဲဘက်တွေမှာက ဖုန်းလိုင်းတော့ မမိတော့ဘူး” ဟု ဒေသတွင် သတင်းရင်းမြစ်က ပြောဆိုသည်။
ထို့ပြင် ငါးမျက်နှာဘုရားနှင့် ကြို့ကုန်းရွာတောင်ပေါ်ရှိ ကြောင်လိမ်နန်းဟောင်းအနီး ထိုင်တော်မူဘုရားကြီးကုန်းပေါ်တွင် လက်နက်ကြီး တင်ထား အကြမ်းဖက် စစ်ကောင်စီ တပ်သားများကလည်း လက်နက်ကြီးများ ပစ်ခတ်ရန် တောက်လျောက်ပြင်ဆင်နေပြီး ပန်းတောင်း-တောင်ကုတ် လမ်းပိုင်းတွင်လည်း အကြမ်းဖက် စစ်ကောင်စီ တပ်သား အများအပြား ကင်းပုန်း ဝပ်နေကြောင်း သိရသည်။