ရန်ကုန်၊ ဇန်နဝါရီ ၃
ပြည်တွင်းလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး ကဏ္ဍတွင် ပိုက်လိုင်းများ ပြုပြင်နေခြင်းကြောင့် သဘာ၀ဓာတ်ငွေ့ မရရှိတော့ခြင်း၊ ရေအားလျှပ်စစ်စက်ရုံများ မပြင်ဆင်နိုင်သေးခြင်းတို့ကြောင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အခြေအနေအဆိုးလားပြီး တစ်နိုင်ငံလုံးလိုအပ်ချက်၏ ၃၀ ရာခိုင်နှုန်းသာထုတ်နိုင်တော့ကြောင်း လျှပ်စစ်ဝန်ကြီးဌာန သတင်းရင်းမြစ်ထံမှ သိရှိရသည်။
တစ်နိုင်ငံလုံး တစ်ရက်လျှင် လျှပ်စစ်ဓာတ်အား လိုအပ်ချက် ဓာတ်အား ၅၄၄၃ မဂ္ဂါဝပ်ရှိပြီး လက်ရှိတွင် တစ်ရက်လျှင် ဓာတ် အား ၁၇၀၀ မဂ္ဂါဝပ် ဝန်းကျင်သာ ထုတ်လုပ်နိုင်တော့ကြောင်း၊ အဓိကအားဖြင့် ရတနာကမ်းလွန်သဘာ၀ဓာတ်ငွေ့ ပိုက်လိုင်း ပြုပြင်နေခြင်းကြောင့် ဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားထုတ်စက်ရုံများ မှာ ဓာတ်အား ထုတ်လုပ်မှု အကြီးအကျယ် လျော့ကျလျက်ရှိကြောင်း၊ အခြားတစ်ဖက်တွင်လည်း ယမန်နှစ်အတွင်း ရေကြီးရေလျှံမှုကြောင့် ပျက်စီးသွားသော ရေအားလျှပ်စစ်စက်ရုံများမှာလည်း ပြန်လည် ပြင်ဆင်နိုင်သေးခြင်းမရှိကြောင်း၊ ထို့ကြောင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အကြီးအကျယ် လျှော့ကျနေခြင်းဖြစ်ကြောင်း သိရှိရသည်။
ယမန်နှစ် ဒီဇင်ဘာလအတွင်း တစ်နေ့လျှင် မီးပြတ်ချိန် တစ်ကြိမ်လျှင် ၄ နာရီနှုန်းဖြင့် ၄ ကြိမ် မီးဖြတ်ခဲ့ပြီး ယခု ဇန်နဝါရီလ ၂ ရက်နေ့မှစတင်၍ နံနက် ၁ နာရီမှ နံနက် ၅ နာရီအထိ ထပ်မံ၍ မီးဖြတ်ချိန် ၁ ချိန် ထပ်မံ တိုးမြှင့်လိုက်ကြောင်း၊ ထို့ကြောင့် တစ်ရက်လျှင် တစ်ကြိမ်လျှင် ၄ နာရီနှုန်းဖြင့် မီးဖြတ်ချိန် ၅ ကြိမ်ရှိလာပြီး တစ်ရက်လျှင် နာရီပေါင်း ၂၀ မီးဖြတ်တောက်ထားကြောင်း သိရှိရသည်။
လက်ရှိ ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးများတွင် တစ်ရက်လျှင် လျှပ် စစ်ဓာတ်အား ရရှိမှု အခြေအနေ အလွန်ဆိုးဝါးလာနေပြီး တစ်ရက်လျှင် မီး ၂ နာရီသာရရှိပြီး ၇ နာရီဝန်းကျင် မီးဖြတ်ခံထားရသည့်ပုံစံဖြင့် လျှပ်စစ်မီး ရရှိနေကြောင်း ပြည်သူများက ပြောဆိုကြသည်။
“မီးကို တစ်ကြိမ်လာရင် ၄ နာရီ ပေးမယ်ဆိုပေမယ့် ၄ နာရီ အပြည့်မရဘူး။ အလွန်ဆုံး ၂ နာရီလောက်ပဲ ပေးတယ်။ အဲဒီ လာတဲ့ ၂ နာရီမှာလည်း မီးက အားမပြည့်ဘူး။ ရေတင်မရဘူး။ ထမင်းချက်မရဘူး။ အရင်က ညပိုင်းလေး ၉ နာရီလောက်ကနေ မနက် ၃ နာရီလောက် လာသေးတယ်။ အခုတော့ နေ့ရော ညပါ ပြတ်နေတာ။ ထမင်းပေါင်းအိုးနဲ့ ထမင်းတစ်အိုးတောင် တည်မရတော့ဘူး။ ” ဟု တာမွေမြို့နယ်၊ ကျားကွက်သစ်ရပ်ကွက်မှ ပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ စမ်းချောင်းမြို့နယ်၊ ရွှေလဝန်းလမ်းမှ ပြည်သူတစ်ဦးကလည်း အထပ် မြင့်တိုက်တာများတွင် နေထိုင်သော ပြည်သူများမှာ မီးပြတ်ချိန် များလွန်းသည့်အတွက် ရေရရှိရန် အခက်အခဲ အလွန်ဖြစ်နေရသည်ဟု ပြောဆိုသည်။
“အိမ်သာတက်ဖို့တောင် ရေက မရှိဘူး။ ၂၀ လီတာ ရေသန့်ဘူးတွေနဲ့ အိမ်သာရေတောင် ချွေတာနေရတယ်။ အဓိက အထပ်မြင့်တိုက်တာတွေမှာ ရေအခက် အခဲ အရမ်းဖြစ်တာပဲ။ မီးလာချိန်လေးဆိုရင်လည်း အကုန်စုပြီး ၀ိုင်းပြီး ရေ တင် ကြတော့ ကိုယ့်အလှည့်ရောက်ဖို့ အရမ်းစောင့်ရတယ်။ ဒါတောင် စမ်း ချောင်းမှာက မြေအောက်ရေကို မော်တာနဲ့ မောင်းတင်ပြီး လုပ်ရတာ။ ဂျိုးဖြူရေပဲ ရတဲ့တိုက်တွေဆို အရမ်းဆိုးနေတယ်” ဟု အဆိုပါ ပြည်သူက ပြောဆိုသည်။
ရန်ကုန်မှ ပြည်သူများကမူ လျှပ်စစ်မီးများ ပြတ်တောက်နေသော်လည်း မီတာခမှာမူ လစဉ် ပုံမှန်လာနေပြီး မီတာခ သိန်းချီ၍ ပေးဆောင်နေရဆဲဖြစ်ကြောင်း ပြောဆိုကြသည်။
ဓာတ်ပုံ – ညပိုင်းမီးပြတ်နေသော ရန်ကုန်မြို့မြင်ကွင်း။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar