31 C
Yangon

စစ်ကောင်စီက လက်နက်ကိုင်ပဋိပက္ခကို နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးရန် ဖိတ်ခေါ်နေသော်လည်း ရခိုင်ကို နေ့စဉ် လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် မြေပုံနှင့်ပုဏ္ဏားကျွန်းတွင် ပြည်သူ ၆ ဦး သေဆုံးခဲ့

Must read

စစ်ကောင်စီက လက်နက်ကိုင်ပဋိပက္ခကို နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးရန် ဖိတ်ခေါ်နေသော်လည်း ရခိုင်ကို နေ့စဉ် လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် မြေပုံနှင့်ပုဏ္ဏားကျွန်းတွင် ပြည်သူ ၆ ဦး သေဆုံးခဲ့

ရန်ကုန်| ဇန်နဝါရီ ၃

စစ်ကောင်စီက လက်နက်ကိုင်ပဋိပက္ခကို နိုင်ငံရေးအရ ဆွေးနွေးမည်ဟု ဖိတ်ခေါ်နေသော်လည်း အာဏာသိမ်း စစ်ကောင်စီသည် ရခိုင်ပြည်ထဲက မြို့နယ်များကို နေ့စဉ်ဗုံးကျဲတိုက်ခိုက်လျက်ရှိပြီး အရပ်သားပြည်သူများ ထိခိုက်သေဆုံးလျက်ရှိကြောင်း ရခိုင်ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ယနေ့ ဇန်နဝါရီလ ၃ ရက်နေ့ နံနက်စောစောပိုင်း ၁ နာရီကျော်အချိန်တွင် အာဏာသိမ်း စစ်ကောင်စီသည် မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့က ဆေးရုံနှင့် စာသင်ကျောင်းတို့ကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သည်။

“စစ်ကောင်စီဟာ နှစ်ကြိမ်တိုင်တိုင် ဂျက်ဖိုက်တာနဲ့ ဗုံး ၃ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ပါတယ်။ ကမ်းထောင်းကြီးဆေးရုံနဲ့ စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ အသက်ကြီးကြီး အမျိုးသမီးတစ်ယောက်သေဆုံးသွားပါတယ်။ ဆေးရုံနဲ့ စာသင်ကျောင်းလည်း ပျက်စီးသွားပါတယ်” ဟု မြေပုံမြို့ခံတစ်ဦးက ပြောသည်။

သေဆုံးသူ အမျိုးသမီးမှာ အသက် ၇၀ အရွယ် ဒေါ်မသိန်းဖြစ်ပြီး မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့ ရွာသစ်ရပ်ကွက်ကဖြစ်သည်။

ကမ်းထောင်းကြီးဆေးရုံသည် ဆေးကုသခြင်းမရှိဘဲ ပိတ်ထားခဲ့သည်မှာ လပေါင်းများစွာ ကြာပြီဖြစ်ပြီး စစ်ကောင်စီသည် အရပ်သားများထိခိုက်ပါစေကြောင်းဖြင့် ရည်ရွယ်ချက်ရှိရှိဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခြင်းဖြစ်ကြောင်း မြေပုံဒေသခံများက ပြောဆိုကြသည်။

ယင်းအပြင် ဒီဇင်ဘာလ ၃၁ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းဗုံးကြဲ

တိုက်ခိုက်ခဲ့၍ အပြစ်မဲ့ ပြည်သူ ၅ ဦး သေဆုံးသွားခဲ့ရသည်။

“ဂျက်ဖိုက်တာ တစ်စီးနဲ့ နှစ်ကြိမ်လာရောက် ယိုးတရုပ်ကို ဗုံးကြဲခဲ့တာပါ။ သေဆုံးသူ ၅ ဦးလောက်ရှိပါတယ်။ ထိခိုက်ဒဏ်ရာရသူ ၁၀ ဦးလောက်ရှိတယ်လို့ ကြားပါတယ်။ အရပ်သားတွေနေတဲ့ ရွာတွေကို စစ်ကောင်စီက ဗုံးကြဲနေတာပါ။ ဒီစစ်ကောင်စီ ကင်းစင်မှပဲ ပြည်သူတွေ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေနိုင်ပါမယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်က သေဆုံးသူများမှာ ဒေါ်မသာလှ(၇၆ နှစ်)၊ တန်းခိုးရွာက မဦးဆန်းနွယ် (၂၅ နှစ်)နှင့် ယိုးတရုပ်ကျေးရွာမှာ စစ်ရှောင်နေသည့် ကွမ်းတောင်ကျေးရွာက ကိုမျိုးဇော်ထွန်း (၁၈ နှစ်)တို့မှာ နေရာ၌ သေဆုံးသွားခဲ့ရသည်။

ဒဏ်ရာရသူ ၁၀ ဦးထဲက ပုဏ္ဏားကျွန်းမြို့ခံ မောင်မျိုးဟိန်းအောင် (၉ နှစ်) နှင့် ဦးလှဖြူ (၄၈ နှစ်) တို့လည်း ဆေးကုသနေရင်း ဒဏ်ရာပြင်းထန်၍ သေဆုံးသွားခဲ့ရပြီး ကျန်ဒဏ်ရာရရှိထားသူများမှာ စိုးရိမ်ရအခြေအနေများဖြင့် ဆေးကုသမှု ခံယူနေရကြောင်း သိရဿည်။

ယင်းတို့အနက်မှ သေဆုံးသူ အသက် ၂၅ နှစ်အရွယ် မဦးဆန်းနွယ် ဝံလက်ဖွံဖြိုးရေးဖောင်ဒေးရှင်း ၏ လူသားချင်းစာနာမှုအကူအညီပေးရေးစီမံကိန်း ၏ လက်ထောက်ကွင်းဆင်းအရာရှိ(Assistance Field Officer-AFO) ဖြစ်ပြီး တာဝန်ထမ်းဆောင်နေစဉ် စစ်ကောင်စီလေတပ်က ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ဝံလက်ဖွံ့ဖြိုးဖောင်ဒေးရှင်း၏ ဦးဆောင်သူက လူမှုကွန်ရက်မှတစ်ဆင့် သတင်းထုတ်ပြန်ထားသည်။

Photo- APM ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article