နောင်ချိုမြို့နယ်၊ ဆီစုံကျေးရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံးကျဲချ တိုက်ခိုက်မှု ကျောင်းဆောင် အများအပြား ပျက်စီး
ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ ဆီစုံကျေးရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခြင်းကြောင့် ကျောင်းဆောင် အများအပြား ပျက်စီးခဲ့ကြောင်း TNLA က ပြောဆိုသည်။
ဒီဇင်ဘာလ ၃၀ ရက်နေ့ ည ၉ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ဆီစုံကျေးရွာ ဘုန်းကြီးကျောင်းပေါ်ကို ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင့် ဘုန်းကြီးကျောင်းဝင်း အတွင်းရှိ ကျောင်းဆောင်အများအပြား ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
အလားတူ ဇန်နဝါရီလ ၁ ရက်နေ့ နံနက် အစောပိုင်း ၁ နာရီခန့်တွင်လည်း အကြမ်းဖက် စစ်တပ် တပ်စခန်းက ဆမ္မဆယ်ကျေးရွာဘက်ကို လက်နက်ကြီး ၄ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှု အတွင်း ဦးတင်လှနှင့် ဒေါ်ခင်ပြုံးတို့၏ နေအိမ်ပေါ် ၁ လုံး၊ မတင်ခိုင်နှင့် ဦသောင်းလင်းတို့ နေအိမ်ပေါ် ၁ လုံး၊ ဂန့်ကော်ကျေးရွာနှင့် ဆမ္မဆယ်ကျေးရွာ အကြားရှိ ချောင်းစိမ်းရထားလမ်းဘက်တွင် ၁ လုံးနှင့် ကျေးရွာအပြင်ဘက်တွင် ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။
ဒီဇင်ဘာလ ၁၀ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က ဆမ္မကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ကျေးရွာအတွင်းရှိ အမှတ် ၁ သကြားစက်ရုံဝန်းတွင် ၁ လုံး၊ စက်ရုံဘေးတွင် ၂ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး စက်ရုံဝန်ထမ်း အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။