ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ်နှင့် ဗိုလ်မှူးကြီး အဆင့်ရှိသူ ၅၃ ဦး သေဆုံး၊ ဒဏ်ရာရ နှင့် သုံ့ပန်းအဖြစ် ဖမ်းဆီးခံရခြင်း အပါအဝင် ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄၀၀၀ ကျော်သေဆုံး၊ စစ်တပ်နှင့်ရဲ ဘက်မှ CDM ဝင်သူ ၁၄၇၆၀ ဦးရှိ
ရန်ကုန်၊ ဇန်နဝါရီ ၅
မြန်မာနိုင်ငံတစ်ဝန်း စစ်အာဏာရှင်စနစ် ချေမှုန်းတိုက်ဖျက်ရေးအတွက် ဖြစ်ပွားနေသော တော်လှန်ရေး တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဘက်မှ ဗိုလ် ချုပ်၊ ဗိုလ်မှူးချုပ်နှင့် ဗိုလ်မှူးကြီး အဆင့်ရှိသူ ၅၃ ဦး သေဆုံး၊ ဒဏ်ရာရ နှင့် သုံ့ပန်းအဖြစ် ဖမ်းဆီးခံရခြင်း အပါအဝင် ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄၀၀၀ ကျော်သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့ တရားဝင် အစီရင်ခံစာ ထုတ်ပြန်သည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်- PDF ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် ဒေသကာကွယ်ရေးတပ်အသီးသီး၏ တိုက်ခိုက်မှုကြောင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလ ၂၉ ရက်နေ့ အထိ စစ်တပ်အရာရှိ ၃၁၅ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ စစ်အရာရှိ ၁၂၇ ဦး စုစုပေါင်း သေဆုံးနှင့်ထိခိုက်ဒဏ်ရာရရှိသူ စစ်အရာရှိ ၄၄၂ ဦး ရှိကြောင်း၊ ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ်နှင့် ဗိုလ်မှူးကြီး အဆင့်ရှီသူ အနည်းဆုံး ၅၃ ဦးသည်လည်း သေဆုံး၊ ဒဏ်ရာရနှင့် စစ်သုံ့ပန်း အဖြစ် ဖမ်းဆီးခံခဲ့ရကြောင်း သိရှိရသည်။
နိုင်ငံတစ်ဝန်း တိုက်ပွဲများတွင် ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီတပ်ဘက်မှ စစ်၊ ရဲနှှု့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် သေဆုံးသူ ၁၄၀၉၃ ဦး၊ ဒဏ်ရာရရှိမှု ၇၃၆၃ ဦး၊ စုစုပေါင်း ၂၁၄၅၆ ဦး ရှိပြီး တပ်မ အင်အား ၁၀ ခုကျော် ပမာဏနှင့် ညီမျှသည့် အင်အား ပြုန်းတီးခဲ့ကြောင်း သိရှိရသည်။
နိုင်ငံတစ်ဝန်းရှိ စစ်ကောင်စီတပ်၏ စခန်းပေါင်း ၇၄၁ ခုကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းယူခဲ့ကြောင်း၊ တော်လှန် ရေးအဖွဲ့ အသီးသီး၏ တိုက်ခိုက်မှုကြောင့် တိုင်းစစ်ဌာနချုပ် ၂ ခု ၊ ဒကစဌာနချုပ် ၁ ခု၊ စကခ ဌာနချုပ် ၅ ခု၊ စစ်ဗျူဟာအခြေချ စခန်း ၆ ခု၊ လေတပ်ဆွယ် ၂ ခု၊ တိုက်ခိုက်ရေး နောက်တန်းစခန်း ၈၆ ခု၊ လက်ရုံးနောက်တစန်းခန်း ၅၄ ခု ၊ နယ်ခြားစောင့်စခန်း ၁၇ ခု လက်လွှတ်ဆုံးရှုံးခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီ၏ အဓိက တိုက်ခိုက်ရေးအင်အား ဖြစ်သော တပ်မ ၁၀ ခု၊ စကခ ၁၇ ခု၊ တပ်မဟာ ၃ ခုတို့မှ တပ်ရင်း ၂၈၂ ရင်းတွင် အနည်းဆုံး တပ်ရင်း ၁၀၁ ရင်း ခန့်ဖွဲ့စည်းပုံ ပျက်နေပြီဖြစ်ကာ ၁၄၂ ရင်းသည်လည်း အင်အား ချိနဲ့လျက်ရှိကြောင်း သိရှိရသည်။
ထို့ပြင် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအထိ တပ်ဘက်မှ ၃၈၂ ဦး၊ ရဲ ၁၀၈၈၈ ဦး စုစုပေါင်း CDM လုပ်သူ ၁၄၇၆၀ ဦး ပြည်သူ့ရင်ခွင်ခိုလှုံခဲ့ကြောင်း၊ အရာရှိအဆင့်တွင် CDM ဝင်သူ ဒုဗိုလ်မှူးကြီး ၅ ဦး၊ ဗိုလ်မှူး ၄၂ ဦး၊ ဗိုလ်ကြီး ၃၂၃ ဦး၊ ဗိုလ် ၁၀၂ ဦးရှိခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ယမန်နေ့ လွတ်လပ်ရေးနေ့တွင် တိုက်ပွဲအတွင်း သေဆုံးခဲ့သော စစ်အရာရှိအတွက် ပေးအပ်သော သူရဲကောင်းဘွဲ့ကို ကျန်ရစ်သူ ဇနီးက မင်းအောင်လှိုင်ထံမှ လက်ခံရယူနေစဉ်။