24 C
Yangon

ရန်ကုန်၊ ပဲခူး နှင့် မန္တလေး တို့တွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက စစ်မှုထမ်းဥပဒေအကြောင်းပြ၍ ငွေညှစ်မှုများ အကြီးအကျယ်လုပ်နေ

Must read

ရန်ကုန်၊ ပဲခူး နှင့် မန္တလေး တို့တွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက စစ်မှုထမ်းဥပဒေအကြောင်းပြ၍ ငွေညှစ်မှုများ အကြီးအကျယ်လုပ်နေ

ရန်ကုန်၊ ဇန်နဝါရီ ၅

ရန်ကုန်တိုင်း၊ ပဲခူးတိုင်း နှင့် မန္တလေးတိုင်းတို့တွင် အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများက ပြည်သူများထံမှ စစ်မှုထမ်းကြေး ငွေညှစ်မှုများ ဆက်တိုက် လုပ်ဆောင်နေပြီး စစ်တပ်ခေါ်၍ ဖမ်းခိုင်းမည်ဟု ခြိမ်းခြောက်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ် ၈၃ ရပ်ကွက် အုပ်ချူပ်ရေးမှူး လှရီ ၊ ရာအိမ်မှူး လွင်မောင်မောင်နှင့် မိန်းမဖြစ်သူ မွန်မ တို့က အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ပူးပေါင်း၍ လစဉ် စစ်မှုထမ်းကြေး ငွေကျပ် ၃၀၀၀၀ လိုက်လံ ကောက်ခံနေကြောင်း၊ ထို့ပြင် လှရီနှင့် လွင်မောင်မောင် တို့က ညပိုင်းတွင် မြနန္ဒနာလမ်းမကြီးရှိ မောင်ကြိုင် လက်ဖတ်ရည်ဆိုင်ရှေ့တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခြင်းများလည်း လုပ်ဆောင်ပေးကြောင်း သိရသည်။

“၈၃ ရပ်ကွက်မှာ အုပ်ချူပ်ရေးမှူး လှရီ၊ ရာအိမ်မှူး လွင်မောင်မောင်နဲ့ မိန်းမဖြစ်သူ မွန်မ ဆိုသူတို့က စစ်တပ်နဲ့ပေါင်းပြီး ၁ လ တစ်ခါ ငွေကြေး ၃၀၀၀၀ တောင်းခံပါတယ်။ အဲလိုပိုက်ဆံ အမြဲတမ်းကောက်တာတောင် မဲနှိုက်ပြီး စစ်ထဲဝင်ရမယ်ဆိုပြီး အခု ထပ်ပြောနေတယ်။ နောက်ပြီး သူတို့က မြနန္ဒနာ လမ်းမကြီးပေါ်က မောင်ကြိုင် လက်ဖတ်ရည်ဆိုင်ရှေ့မှာလည်း ပေါ်တာဆွဲပြီး စစ်ခွေးတွေဆီ ပို့ပေးနေတယ်” ဟု ဒေသပြည်သူများ တစ်ဦးက ပြောဆိုသည်။

အလားတူ ရွှေပြည်သာမြို့နယ် ၁၄ ရက်ကွက် ပန်းခြံ ၂၀ လမ်းနှင့် ၂၁ လမ်းတွင် ရာအိမ်မှူး သိန်းလွင် ဦးဆောင်သော လူမိုက်အဖွဲ့က ရပ်ကွက် ကင်းဖိုးနှင့် စစ်မှုထမ်းကြေးဟုဆိုကာ နေအိမ်များနှင့် အဆောင်များမှ လစဉ် သောင်းနှင့်ချီ ကောက်ခံနေကြောင်း၊ ၎င်းတောင်းခံသော ငွေကြေးကို အသာတကြည် မပေးသူများနှင့် မကျေနပ်သူများကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ခေါ်ဆောင်၍ ဖမ်းဆီးခိုင်းမည်ဟု ခြိမ်းခြောက်မှုများလည်း လုပ်ဆောင်ကြောင်း သိရသည်။

“ရွှေပြည်သာမြို့နယ်၊ ၁၄ ရပ်ကွက် ပန်းခြံ ၂၀ လမ်းနဲ့ ၂၁ လမ်းမှာ မှာ ရာအိမ်မှူး သိန်းလွင် ဦးဆောင်တဲ့ လူမိုက်အဖွဲ့က ပန်းခြံနေပြည်သူတွေကို ကင်းဖိုးပိုက်ဆံတွေကိုလည်း မတော်မတရား ကောက်ခံတယ်။ နောက်ပြီး စစ်မှုထမ်းကြေးဆိုပြီးတော့ ပိုက်ဆံတွေလည်း လိုက်ကောက်ပါတယ်။ ရပ်ကွက်နေ ပြည်သူများတွေက သူမတရား လုပ်သမျှကို မကျေနပ်လို့ ပြောပြန်ရင်လည်း စစ်တပ်ကို ဖုန်းဆက်လိုက်ရမလားဆိုပြီးတော့ ခြိမ်းခြောက်ပါတယ်။ သူ့မိသားစုဝင်တွေကလည်း သူ့ အရှိန်အဝါ အားကိုးနဲ့ ပြည်သူတွေအပေါ်ကို မိုက်ရိုင်းစွာ ဆက်ဆံပါတယ်။ သူတို့တွေကပါ မကျေနပ်တဲ့လူရှိရင် စစ်တပ်ကို ဖုန်းဆက်ခိုင်းပြီး အမျိုးမျိုးလူးပါးဝနေကြပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ မြို့ခြံရွာတွင်လည်း အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးအဖွဲ့က ပြည်သူများထံမှ လစဉ် ငွေကျပ် ၃၀၀၀၀ လိုက်လံကောက်ခံနေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

မြို့ခြံရွာ အုပ်ချုပ်ရေးမှူး ခင်မောင်မြင့်၊ အတွင်းရေးမှူး အောင်မင်းနှင့် ရာအိမ်မှူး ဖိုးလုံး ၊ ဝင်းသိန်း တို့က ဦးဆောင်ပြီး ကျေးရွာအတွင်း လစဉ် စစ်မှုထမ်းကြောင်း လိုက်လံကောက်ခံနေခြင်းဖြစ်ပြီး ငွေကြေးမပေးသူများကို စစ်တပ်ခေါ်၍ ဖမ်းဆီးခိုင်းမည်ဟု ခြိမ်းခြောက်နေကြောင်း သိရသည်။

မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်ရှိ ကျေးရွာများတွင်လည်း အုပ်ချုပ်ရေးမှူးများက အကြမ်းဖက် စစ်တပ်ကို စစ်မှုကြေး လစဉ် ငွေကျပ် ၆၅ သိန်း ပေးဆောင်ရသည်ဟုဆိုကာ ပြည်သူများထံမှ လစဉ် ငွေကျပ် ၂၅၀၀၀ လိုက်လံ ကောက်ခံနေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

“စဉ့်ကိုင်မြို့နယ်က ကျေးရွာတွေမှာ လူငယ်‌တွေကို စစ်မှုထမ်းဖို့ဆိုပြီး ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ များနေပါတယ်။ အဆွဲမခံစေချင်ရင် ကျေးရွာတစ်ရွာကို ၆၅ သိန်း‌ပေးရမယ်လို့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက လိုက်ပြောပြီး ရွာတိုင်းလိုလိုမှာ တစ်အိမ်ကို ငွေကျပ် ၂၅၀၀၀ ဆီ လိုက်လံကောက်ခံနေတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

ဓာတ်ပုံ- ပြည်သူများကို စစ်မှုထမ်းရန် ခေါ်ယူ ဖိအားပေးနေသော စစ်တပ်၊ ရဲနှင့် ထွေ/အုပ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article