ရန်ကုန်၊ ဇန်နဝါရီ ၇
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မင်းနေကုန်းရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁၀ ဦးထက်မနည်း သေဆုံးပြီး စခန်းတစ်ခုလုံးကို သိမ်းပိုက်ချိန်တွင် လေကြောင်း ပစ်ကူရောက်ရှိလာ၍ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း နဂါးနီ ပြောက်ကျားတပ်ဖွဲ့ – မြင်းခြံမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၂ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ငါန်းဇွန်မြို့နယ် မင်းနေကုန်းကျေးရွာရှိ အင်အား ၄၀ ခန့်ဖြင့် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို နဂါးနီပြောက်ကျားတပ်ဖွဲ့မှ ဦးဆောင်ပြီး မဟာမိတ် တပ်ပေါင်းစုများနှင့် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းထိတွေ့ တိုက်ပွဲသည် နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်ထိ ဖြစ်ပွားခဲ့ပြီး နဂါးနီပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်များက စစ်တပ် စခန်းတစ်ခုကို ဝင်ရောက် သိမ်းပိုက်ချိန်တွင် စစ်တပ်ဘက်မှ လေယာဉ် ပစ်ကူများ ရောက်ရှိလာသောကြောင့် တော်လှန်ရေး ရဲဘော်များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။
အဆိုပါ ထိတွေ့တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁၀ ဦးထက်မနည်းသေဆုံးပြီး တိုက်ပွဲအတွင်း သေဆုံးသွားသော စစ်ကောင်စီ တပ်သားများထံမှ လက်နက်များ သိမ်းဆည်းရန် စခန်းတစ်ခုလုံးကို ဝင်ရောက် စီးနင်းစဉ်တွင် လေယာဉ်ပစ်ကူကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရ၍ လက်နက်များ သိမ်းဆည်းနိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။
“ကျနော်တို့ တိုက်ပွဲအတွင်းမှာ စစ်ခွေး ဘန်ကာတွေတောင် ဖြိုပြီးသွားပြီး အထဲကိုဝင်ပြီး စခန်းတစ်ခုလုံး သိမ်းမယ် အလုပ်ကို လေယာဉ်တွေ ရောက်လာတာနဲ့ ဆုတ်ခဲ့ရတာ စစ်ခွေး စခန်းတစ်ခုလုံးက ဆုတ်ပြတ်နေပြီး မဟာမိတ် အဖွဲ့ပေါင်းစုံ တိုက်တာ တိုက်ပွဲပြီးတော့ စစ်ခွေး စခန်းကို အင်အားထပ်ပြီး လာဖြည့်ထားတယ်။ စခန်းမှာ အခုလက်ရှိတော့ စစ်ခွေးနည်းနည်းလောက်ပဲကျန်ခဲ့တယ်။ ကျနော်တို့ ကျည်အင်အားကောနည်းသွားတာပါတယ်။ အဲတာကြောင့် ကြာကြာ ဝင်မလုံးနိုင်ခဲ့တာ ကျည်အင်အားသာ များမယ်ဆိုရင် စခန်းတစ်ခုလုံးသိမ်းနိုင်ခဲ့ပြီ ပြည်သူတွေ အနေနဲ့လည်း စစ်ခွေးတွေနဲ့ အနီးကပ်သွားလာခြင်း ရှောင်ဖို့နဲ့ နောက်ပြီးတော့ ည ၉ နာရီ နောက်ပိုင်း သွားလာခြင်းမပြုဖို့ သတိပေးချင်တယ်” ဟု နဂါးနီ ပြောက်ကျားတပ်ဖွဲ့ – မြင်းခြံမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
အလားတူ ဒီဇင်ဘာလ ၃၁ ရက်နေ့ကလည်း နွားထိုးကြီးမြို့နယ် ၀က်လူးရွာ အရှေ့ဘက် ၁ မိုင်ခွဲခန့်အကွာတွင် အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို နဂါးနီပြောက်ကျားတပ်ဖွဲ့နှင့် မဟာမိတ်တပ်ပေါင်းစုတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့ပြီး စစ်သား အလောင်းများနှင့် ကျန်ရှိနေသော လက်နက်ခဲယမ်းပစ္စည်းများကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar