မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာမှ စစ်ကောင်စီ တပ်သားများ စိုက်ပျိုးထားသည့် ပဲခင်းများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ရှင်းလင်း
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီရွာမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ စိုက်ပျိုးထားသော ပဲခင်းများကို ဝင်ရောက် မီးရှို့ ရှင်းလင်းခဲ့ကြောင်း ဗစ်တာ ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇန်နဝါရီလ ၉ ရက်နေ့ နံနက်ပိုင်းတွင် မြိုင်မြို့နယ် အတွင်းရှိ ကန်နီပျူစောထီးရွာမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ စိုက်ပျိုးထားသည့် ပဲခင်းများကို တော်လှန်ရေး တပ်ဖွဲ့များ ကင်းပုန်းများ ယူ၍ ဝင်ရောက် မီးရှို့ ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကန်နီပျူစောထီးရွာတွင် အကြမ်းဖက် စစ်သား၊ ရဲနှင့် ပျူစောထီး အင်အား ၇၀ ခန့်ရှိပြီး ရွာလုံးကျွတ် ပျူစောထီးအဖွဲ့ဝင်များဖြစ်ကာ ပျူစောထီး မိသားစုဝင် ၂၀၀ ခန့်ရှိကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့များက အဆိုပါ ပျူစောထီးများ၏ ရိက္ခာလမ်းကြောင်းများကို လနှင့်ချီ၍ ဖြတ်တောက်ထားပြီး လက်ရှိချိန်ထိ လက်နက်ချ အလင်းဝင်ရောက်ခြင်း မရှိသေးကြောင်း သိရှိရသည်။
“ကန်နီ ပျူစောထီးရွာက အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေ စိုက်ပျိုးထားတဲ့ ရိက္ခာပေါ့။ ပဲခင်းတွေကို ဝင်ရောက် ရှင်းလင်းခဲ့တာပါ။ ကျွန်တော်တို့ ရဲဘော်တွေက ရွာနှင့် မီတာ ၁၂၀ အနီးထိ ကင်းပုန်းတွေ ဝပ်ပြီး ဝင်ရောက် မီးရှို့ရှင်းလင်းနိုင်ခဲ့တယ်။ ထိတွေ့ တိုက်ပွဲဖြစ်ပွားတာတော့ မရှိခဲ့ပါဘူး” ဟု ဗစ်တာ ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ ရှင်းလင်းမှုကို ဗစ်တာပြောက်ကျားတပ်ဖွဲ့နှင့် အညာမြေ ပြောက်ကျားတပ်ဖွဲ့မှ တော်လှန်ရေး ရဲဘော်များက ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။