ရန်ကုန်၊ ဇန်နဝါရီ ၁၀
ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်ဇကော အကျဉ်းထောင်တွင် ထောင်အာဏာ ပိုင်များက အကျဉ်းသား/သူ များကို ဆော်ဒါမှုန့် ပါဝင်သော ထမင်းနှင့် ပဲဟင်းများ နေ့စဉ်ကျွေးနေ၍ အစာအိမ်နှင့် အူလမ်းကြောင်း ရောဂါများ ဖြစ်ပွားနေကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဒိုက်ဦး ကျိုက်ဇကော အကျဉ်းထောင်တွင် ထောင်အာဏာပိုင်များက အကျဉ်း သား အကျဉ်းသူများကို နေ့စဉ်ကျွေးမွေးသည့် ထမင်းနှင့် ပဲဟင်းများတွင် ဆော်ဒါမှုန့်များကိုပါ ထည့်၍ ရောချက်ပြီး ကျွေးမွေးနေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ထမင်းနှင့် ပဲဟင်းကို အကျဉ်းသား အကျဉ်းသူများက နေ့စဉ် စားသောက်မိ၍ အစာအိမ်နှင့် အူလမ်းကြောင်း ရောဂါများ ခံစားနေရသည့် အကျဉ်း သား တချို့ရှိပြီး ကျန်ရှိနေသော အကျဉ်းသားများလည်း ရောဂါဖြစ်ပွားလာနိုင်ကြောင်း သိရှိရသည်။
ထို့ပြင် အကျဉ်းထောင် ဆေးခန်းတွင်လည်း ဆေးဝါးများ စုံစုံလင်လင် မရှိသောကြောင့် ရောဂါများ ဖြစ်ပွားလာပါက အကျဉ်သား အကျဉ်းသူများ၏ ကျန်းမာရေးနှင့် အသက်အန္တရာယ် စိုးရိမ်ရကြောင်း သိရသည်။
“ဒိုက်ဦး ကျိုက်ဇကော အကျဉ်းထောင်ထဲမှာ အကျဉ်းသား၊ အကျဉ်းသူတွေကို ကျွေးတဲ့ ထမင်းထဲမှာ မုန့်ဖုတ် ဆော်ဒါ (ပွဆေး) တွေ ပါနေတယ်။ ထမင်းထဲလည်း ရောချက်တယ်။ နောက်ပြီး ပဲဟင်းလို အရည်တွေထဲမှာလည်း ဆော်ဒါမှုန့်တွေထည့်ထားတယ်။ ဆော်ဒါတွေစားတာ များတဲ့အခါ ကျန်းမာရေးချို့ယွင်းလာတယ်။ အဓိကကတော့ အစာအိမ်နဲ့ အူလမ်းကြောင်းအတွက် ဆိုးကျိုးဖြစ် လာတယ်။ ရောဂါခံစားနေရသူ တချို့လည်းရှိတယ်။ ဆေးဝါး ကုသမှုလည်း လုံလုံလောက်လောက် မရရှိတော့ အကျဉ်းသူ အကျဉ်းသားတွေရဲ့ အသက် အန္တ ရာယ် စိုးရိမ်ရတယ်။ အခုလို လုပ်ရပ်က ကျန်းမာရေး ချို့ယွင်းပြီး အသက်တိုအောင် တဖြည်းဖြည်း ညှင်းသတ်နေသလိုပဲ” ဟု အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။
ဒိုက်ဦးအကျဉ်းထောင်က မည်သည့်အတွက်ကြောင့် အကျဉ်းသား၊ အကျဉ်းသူများကို ကျွေးမွေးသည့် ထမင်းနှင့်ဟင်းများတွင် ဆော်ဒါမှုန့်များကို ထည့် သွင်းချက်ပြုတ်နေရသနည်းဆိုသည်ကို မေးမြန်းသော်လည်း ထောင်အာဏာပိုင်များက ပြန်လည် ဖြေကြား တုံ့ပြန်ခြင်းမရှိကြောင်း အကျဉ်းထောင်သတင်းရင်းမြစ်က ပြောဆိုသည်။
ဓာတ်ပုံ – ယခင်ပြည်ထဲရေးဝန်ကြီးဟောင်း စိုးထွဋ်က အကျဉ်းထောင်များကို လိုက်လံ ကြည့်ရှုပြီး အစားအသောက်များကို စစ်ဆေးနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar