ရန်ကုန်၊ ဇန်နဝါရီ ၁၇
ရန်ကုန်နှင့် မန္တလေးရှိ စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်လုပ်နေသော အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အထိ အလုပ်သမားများ စာရင်း စစ်ကောင်စီက တောင်းခံလာကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (UMFCCI) မှ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက ယခု ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်းတွင် ရန်ကုန်နှင့်မန္တလေးရှိ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အလုပ်သမားအရေအတွက်ကို ပထမဆုံးအကြိမ် တောင်းခံလာခြင်းဖြစ်ကြောင်း၊ ယမန်နှစ် ၂၀၂၄ ခုနှစ်တွင်လည်း စက်မှုဇုန်များမှ အလုပ်သမားများစာရင်းကို ၂ ကြိမ်တိုင်အောင် တောင်းယူခဲ့ပြီး ဖြစ်ကြောင်း၊ ယခု အလုပ်သမားများ စာရင်းတောင်းခံမှုမှာ စစ်မှုထမ်းတပ်သားသစ်စုဆောင်းရန်အတွက် ဖြစ်နိုင်ကြောင်း လှိုင်သာယာစက်မှုဇုန်မှ လုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။
“တောင်းတာက အလုပ်သမားစာရင်းမှာ အမျိုးသမီးရော အမျိုးသားရော အကုန် တောင်းတာ။ လူရှိအကုန်တောင်းတာပါ။ စစ်မှုထမ်းအတွက် တောင်းတယ် လို့ ထင်ပါတယ်။ အလုပ်သမားစာရင်းကတော့ အဝင် အထွက်နဲ့ဆိုတော့အမြဲတော့ အပြောင်းအလဲဖြစ်နေပါတယ်” ဟု လှိုင်သာယာမြို့နယ်၊ ရွှေလင် ပန်းစက်မှုဇုန်မှ ဆန်စက်လုပ်ငန်ရှင်က ပြောဆိုသည်။
စစ်ကောင်စီက အလုပ်သမားများစာရင်းတောင်းခံရာတွင် အလုပ်သမားစာ ရင်းတင်မကဘဲ အလုပ်သမားများ၏ ဇာတိ၊ နေရာ၊ အသက်အရွယ်အပိုင်းအခြားများကို တိကျပြည့်စုံစွာ တောင်းခံနေခြင်းဖြစ်ကြောင်း၊ ယမန်နှစ်အတွင်းကလည်း ထိုသို့ အလုပ်သမားစာရင်းတောင်းခံမှု မကြာခဏ ဆိုသလို စစ်ကောင်စီက လုပ်ဆောင်နေခြင်းမှာ စက်ရုံ၊ အလုပ်ရုံများ လုပ်ငန်းလည်ပတ်ရန်အတွက် ကြီးမားသော အနှောင့်အယှက်ဖြစ်လာကြောင်း၊ အထူးသဖြင့် စစ်မှုထမ်းဥပဒေကြောင့် အလုပ်သမားများ အလွန်ရှားပါးနေချိန် ယင်းကဲ့သို့ အလုပ်သမားစာ ရင်းတောင်းခံမှုကြောင့် အလုပ်သားများမှာ လုပ်ငန်းခွင်မှ ထပ်မံထွက်ခွာသွားဖွယ်ရှိကြောင်း သိရှိရသည်။
“မနှစ် ဖေဖော်ဝါရီလမှာ စစ်မှုထမ်းဥပဒေကို ကြေညာတော့ အလုပ်သမားတွေ မနှစ်သင်္ကြန်မှာ နယ်တွေ ပြန်ကုန်ကြတယ်။ သင်္ကြန်ပြီးတော့ ရန်ကုန်ပြန်တက် မလာတော့ဘူး။ ထိုင်းဘက်တွေ ထွက်ကုန်ကြတယ်။ ကျွမ်းကျင်အလုပ်သမားအရမ်းကိုရှားသွားတယ်။ ရှိတဲ့အလုပ်သမားတွေကို လုပ်ငန်းခွင်မှာ ကျွမ်းကျင် တတ်လာအောင် မနည်းသင်ပြပြီး မှေးခိုင်းနေရတာ။ အခု အလုပ်သမားစာရင်းထပ်တောင်းတာလည်း စစ်မှုထမ်းခေါ်ဖို့ပဲထင်တယ်။ အဲဒီလိုတွေ လုပ်နေရင် အလုပ်သမားက ရှာရမှာမဟုတ်တော့ဘူး။ လျှပ်စစ်မီးတွေကပြတ်၊ အလုပ် သမားက ရှာမရ လုပ်ငန်းတွေလည်း ဘာဆက်လုပ်ရမလဲမသိတော့ဘူး” ဟု ရွှေပြည်သာစက်မှုဇုန်မှ ကြိတ်သားစက်ရုံ မန်နေဂျာတစ်ဦးက ဆိုသည်။
အလားတူ မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်တွင် စက်ရုံ၊ အလုပ်ရုံများမှ အလုပ် သမားများကို စစ်မှုထမ်း တပ်သားသစ်များအဖြစ် ခေါ်ယူမည်ဖြစ်၍ လူစာရင်းပေးပို့ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တွဲဖက်ဥက္ကဋ္ဌ ဗိုလ်မှူး ပြည့်ဖြိုးအောင်က ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် စဉ့်ကိုင်မြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံပိုင်ရှင်များကို အရေးပေါ် အစည်းအဝေး တစ်ရပ်ခေါ်ယူညွှန်ကြားခဲ့ကြောင်း၊ အလုပ်ရုံ၊ စက်ရုံများတွင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အလုပ်သမား စာရင်းများကို သေချာစွာ ပြုစု၍ ပေးပို့ရန် ၊ အဆိုပါ စက်ရုံအလုပ်ရုံများမှ အလုပ်သမား ၅၀ ကို စစ်မှုထမ်းအဖြစ် ခေါ်ယူမည်ဟု အသိပေးခဲ့ကြောင်း သိရှိရသည်။
မန္တလေးမှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက စက်ရုံတွင် အလုပ်လုပ်နေသော အလုပ်သမားများအတွက် နေစရာ အဆောင်များ စီစဉ်ပေးထားသော်လည်း ယင်းအဆောင်များသို့ စစ်တပ်က ဧည့်စာရင်းဝင်စစ်ပြီး စစ်မှုထမ်း ပေါ်တာဆွဲမှုများရှိသဖြင့် နေစရာ မစီစဉ်ပေးတော့ကြောင်း၊ နေအိမ်များမှ အလုပ်သို့ လာရာလမ်းတွင်လည်း စစ်တပ်၏ ဖမ်းဆီးမှုကြောင့် စစ်ထဲပါသွားသည့် အလုပ်သမား ၂ ဦးခန့်ရှိကြောင်း၊ ထို့ကြောင့် အလုပ်သမားများတင်မက အလုပ်ရှင်များပါ စစ်မှု ထမ်းဥပဒေကြောင့် လုပ်ငန်းများ လည်ပတ် မရတော့ဘဲ အခက်အခဲ အလွန်ဖြစ်နေရကြောင်း ပြောဆိုသည်။
“အလုပ်သမားတွေလည်း အလုပ်အသွားအပြန် ပေါ်တာဆွဲခံရတာရှိတယ်။ အခုနောက်ပိုင်း ညနေ ၄ ခွဲဆိုတာနဲ့ အလုပ်ကို ဆင်းပေးလိုက်တယ်။ ည ၇ နာရီလောက် မှောင်တာနဲ့ သူတို့လည်း အဖမ်းအဆီးကြောက်တော့ ညှိပြီး အလုပ်ချိန်စောဆင်းပေးလိုက်တာ။ စစ်မှုထမ်းဥပဒေက အလုပ်သမားတွေရော အလုပ်ရှင်တွေရော ဘယ်သူမှ အဆင်မပြေပါဘူး။ အားလုံး ခက်ခဲကြတယ်”ဟု မန္တလေးမှ စီးပွားရေးလုပ်ငန်းရှင်က ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အကျုံးဝင်သော အမျိုးသားလူငယ်များသည် နိုင်ငံ တော် ကာကွယ်ရေးအတွက် တာဝန်ရှိပြီး စစ်မှုထမ်းရန် ဆင့်ခေါ်ပါက စစ်မှုထမ်းရမည်ဖြစ်ပြီး တိမ်းရှောင်မှုများမှာ ဥပဒေချိုးဖောက်ခြင်းဖြစ်ကြောင်း၊ တိမ်းရှောင်သူနှင့် အားပေးကူညီသူများကိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်အရေးယူနိုင်သည်ဟု စက်ရုံအလုပ်ရုံများသို့ အသိပေး အကြောင်းကြားမှုများရှိလာကြောင်း သိရှိရသည်။
ဓာတ်ပုံ – လှိုင်သာယာစက်မှုဇုန်မှ အလုပ်သမားများ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar