ရန်ကုန်၊ ဇန်နဝါ ၁၇
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်တွင် အမှတ် ၂၀ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် ရန်ပုံငွေ အတွက်ဟုဆိုကာ မြို့အဝင် စစ်ဆေးရေးဂိတ်တွင် အရာခံ ဗိုလ်စိုးနိုင်က ပြည်သူများ ထံမှ ငွေကျပ် သိန်းချီ အတင်းအဓမ္မ ကောက်ခံနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့ အဝင်စစ်ဆေးရေးဂိတ်တွင် အကြမ်းဖက် စစ်တပ်၏ အမှတ် ၂၀ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှ အရာခံ ဗိုလ်စိုးနိုင် ဦးဆောင်သော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ခရီးသွားပြည်သူများထံမှ ဌာနချုပ် အတွက် ရန်ပုံငွေဟုဆိုကာ ငွေကျပ် သိန်းချီး အတင်း အဓမ္မ ကောက်ခံနေခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် စိုးနိုင်သည် ခရီးသွား ကားများအတွင်း လူငယ်များ လိုက်ပါလာလျှင် စစ်ဆေးရန်ရှိသည်ဟုဆိုကာ ကားပေါ်မှ ဆင်းခိုင်းပြီး အကြမ်းဖက် စစ်တပ်ထံ ဝင်ရောက်ရန် အတင်း အဓမ္မ ခြိမ်းခြောက် ပြောဆိုမှုများရှိပြီး မိသားစုဝင်များကို ဖုန်းဆက်ခိုင်း၍ ငွေကြေးဖြင့် လိုက်လံ ရွေးထုတ်ခိုင်းခြင်းများရှိပြီး ငွေကြေးပေးနိုင်သော လူငယ်များသာ ပြန်လွှတ်ပေးကြောင်း သိရှိရသည်။
အရာခံ ဗိုလ်စိုးနိုင်သည် ၎င်းတောင်းခံသော ငွေကြေးမပေးနိုင်သည့် ခရီးတင်ကား ယာဉ်မောင်းများ၊ ကုန်တင်ကား ယာဉ်မောင်းများနှင့် အငှားကား ယာဉ်မောင်းများကိုလည်း အမှတ် ၂၀ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်ထဲကို မောင်းနှင်းခိုင်းပြီး ၎င်းတောင်းခံသော ငွေကြေး မပေးမချင်း ခြိမ်းခြောက် ငွေညှစ်မှုများပါ လုပ်ဆောင်နေကြောင်း သိရသည်။
ခမောက်ကြီးမြို့ အဝင်အထွက်ကို နေ့စဉ်ပြုလုပ်နေသည့် ရေထွက်ကုန် ပစ္စည်းများ တင်ဆောင်နေသည့် ကားများကိုလည်း စိုးနိုင်က ၎င်းတောင်းခံသော ငွေကြေးကို အသာတကြည် မပေးသည့် ယာဉ်မောင်းများကို ရန်ငြိုးထား၍ ကားများကို အချိန်ကြန့်ကြာအောင် ရပ်ခိုင်းထားပြီးမှ ထွက်ခွာခွင့်ပေးကြောင်း သိရှိရသည်။
“ခမောက်ကြီးမြို့ အဝင် စစ်ဆေးရေးဂိတ်မှာ စကခ ၂၀ က အရာခံဗိုလ်စိုးနိုင်နဲ့ စစ်ခွေးတွေက ခရီးသွား ပြည်သူတွေကို စကခ ၂၀ အတွက် ရန်ပုံငွေဆိုပြီး အတင်းအဓမ္မ ငွေကြေးကောက်ခံနေတာတွေလုပ်တယ်။ ခရီးသည်တွေထဲမှာ လူငယ်တွေပါရင် ကားပေါ်က ဆင်းခိုင်းပြီး စစ်ထဲဝင်ဖို့ အတင်းအဓ္မတိုက်တွန်းတယ်။ နောက်ပြီး ပိုက်ဆံပေးမှ ပြန်လွှတ်ပေးပါတယ်။ ပိုက်ဆံတောင်းလို့ အဆင်မပြေတဲ့ ကားတွေကိုလည်း စကခ ၂၀ တပ်ထဲကို မောင်းခိုင်းပြီးငွေညှစ်တယ်။ ရေထွက်ကုန် ပစ္စည်းတင်လာတဲ့ကားတွေကိုလည်း သူနဲ့ အဆင်မပြေတဲ့ ယာဉ်မောင်း မောင်းလာရင် သူလိုချင်တဲ့ ပိုက်ဆံမရရင် အချိန်ကြန့်ကြာအောင် ရပ်ခိုင်းထားပြီးမှ ထွက်ခိုင်းတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ – မြို့အဝင် စစ်ဆေးရေးဂိတ်တစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar