23.8 C
Yangon

ဆီဆိုင်တွင် စစ်တပ်နှင့် PNO က အတင်းအဓမ္မ တပ်သားသစ် စုဆောင်ထားသူများကို ရက်တို စစ်သင်တန်းပေးပြီး စိတ်ကြွဆေးကျွေး၍ စစ်ကြောင်းထိုး တိုက်ခိုက် ခိုင်းခြင်းကြောင့် တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၁၃၀ ကျော် သေဆုံးဟု PNLA ပြောဆို

Must read

ဆီဆိုင်တွင် စစ်တပ်နှင့် PNO က အတင်းအဓမ္မ တပ်သားသစ် စုဆောင်ထားသူများကို ရက်တို စစ်သင်တန်းပေးပြီး စိတ်ကြွဆေးကျွေး၍ စစ်ကြောင်းထိုး တိုက်ခိုက် ခိုင်းခြင်းကြောင့် တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၁၃၀ ကျော် သေဆုံးဟု PNLA ပြောဆို

ရန်ကုန်၊ ဇန်နဝါရီ ၁၈

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် PNO က အတင်းအဓမ္မ တပ်သားသစ် စုဆောင်ထားသူများကို ရက်တို စစ်သင်တန်းပေးပြီး စိတ်ကြွဆေးကျွေး၍ စစ်ကြောင်းထိုး တိုက်ခိုက် ခိုင်းခြင်းကြောင့် တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၁၃၀ ကျော် သေဆုံးခဲ့ကြောင်း PNLA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ရှိသူ ခွန်းရိန်းယံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၇ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်နှင့် စစ်တပ် လက်အောက်ခံ PNO ပြည်သူ့စစ် အဖွဲ့က အင်အား ၅၀၀ ကျော် ပါဝင်သော စစ်ကြောင်း ၄ ကြောင်းဖြင့် ဆီဆိုင်မြို့နယ် အရှေ့ဘက်ခြမ်းရှိ ပင်ငိုကျေးရွာ၊ နောင်ကျောကျေးရွာ အနီးနှင့် ဖြီကျွတ်ရွာတို့ကို စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် – PNLA တပ်ဖွဲ့ဝင်များနှင့် တနေကုန် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုတိုက်ပွဲအတွင်း ပင်ငိုကျေးရွာနှင့် နောင်ကျောကျေးရွာအနီး တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်နှင့် PNO ဘက်မှ စစ်ကောင်စီ တပ်သား ၃၀ ကျော်သေဆုံးခဲ့ပြီး အကြမ်းဖက် စစ်တပ် စစ်ကြောင်းများ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။

အလားတူ ဖြီကျွတ်ကျေးရွာကို ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကိုလည်း ဖြီကျွတ် ကျေးရွာအနီး တောင် ၂ လုံးကြားတွင် ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် – PNLA တပ်ဖွဲ့ ဝင်များက တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၁၀၀ ထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

“အဓိကတော့ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်က ဆီဆိုင်မြို့နယ် ပြည်လည်စိုးမိုးရေး ဦးတည်ချက်နဲ့ ထိုးစစ်ဆင်နေတဲ့ အနေအ ထားဖြစ်ပါတယ်။ အဓိကတော့ စစ်ကောင်စီက ကွက်ကဲတဲ့အပိုင်း ဆက်သွယ်ရေးပိုင်း လက်နက်ကြီး ပစ်ကူပေးတဲ့အပိုင်းတွေမှာ ၂၀ ရာခိုင်နှုန်းလောက်ပါဝင်ပြီးတော့မှ မြေပြင် စစ်ကြောင်း ထိုးတာကတော့ ပအိုဝ်းရွာသားတွေကို အတင်းအဓမ္မ စာရင်းကောက်ပြီး ရက်တို သင်တန်းပေးထားတဲ့ ရွာသားတွေနဲ့ မြေပြင်မှာ ထိုးစစ် ဆင်ခိုင်းတာ အဲလိုထိုးစစ်ဆင် ခိုက်တဲ့အတွက် အကျအဆုံး တွေ အများကြီးရှိ တာဖြစ်ပါတယ်။ ပအိုဝ်းရွာသားတွေ လူထုတွေကိုအလှည့်ကျနဲ့ခေါ်ပြီး မြေပြင်ထိုးစစ်မှာ စိတ်ကြွဆေး ပုံစံမျိုး တိုက် ကျွေးပြီးတော့မှ အတင်းအကြပ် တက်ခိုင်းတဲ့ ပုံစံမျိုးတွေ့နေရတယ်။ အဲဒါကြောင့် မြေပြင်မှာ အသေအပျောက်တွေ အကျ အဆုံးတွေ များနေတာတွေ့ရပါတယ်။ သူတို့ခိုင်းတဲ့အတိုင်း မလုပ်ဘူး ဆိုရင် အဲဒီ ရွာသားတွေကို ပစ်သတ်တာတို့ အဲဒါမျိုးလည်းသတင်းတွေ ကြားနေရတယ်၊ အခုဆိုရင် ပအိုဝ်း လူထုတွေက စစ်ကောင် စီနဲ့ ပြည်သူ့စစ် PNO ရဲ့အသုံးချ အလူအလဲခံနေရတဲ့အနေအထားမှာ ရှိနေ တာပေါ့၊ သူတို့ တိုက်ပွဲမှာ တက်ခိုင်းပြီဆိုရင်လည်း နောက်ပြန်ဆုတ်တဲ့သူဆိုရင် နောက်ကနေ ပြန် ပစ်သတ်တာကို သတင်းတွေ ကြားနေရတယ်၊ အဲဒါကြောင့်လည်း ပအိုဝ်းလူတွေအနေနဲ့အခုချိန်မှာ အထူးသတိထား ဆင်ခြင်ဖို့ လိုတယ်၊ ကိုယ့် အခြေအနေမှန်ကို သိရှိကြဖို့ အထူးလိုအပ်တဲ့အချိန် အခါ ဖြစ်တယ်ပေါ့” ဟု PNLA သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ရှိသူ ခွန်းရိန်းယံက ပြောဆိုသည်။

ယင်းတိုက်ပွဲများအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် PNO များက စိတ်ကြွဆေး အသုံးပြုကာ စစ်တိုက်နေသည့် အနေအထားကိုလည်း တွေ့မြင်နေရကြောင်း၊ လက်ရှိတွင်လည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် PNO များက ဖြီကျွတ်ကျေးရွာထဲတွင် တပ်စွဲကာ အင်အား ပြန်လည် ဖြည့်တင်းနေကြောင်း သိရသည်။

ယနေ့ ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက်တွင်လည်း စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဆီဆိုင်မြို့နယ်၊ လွယ်ချယ်ကျေးရွာကို ဗုံးသီး ၄ လုံးဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သားများနှင့် PNO အဖွဲ့ကလည်း လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ကျေးရွာများကို ဗုံးကျဲ ပစ်တ် တိုက်ခိုက်နေ၍ ဆီဆိုင်မြို့နယ် အရှေ့ဘက်ခြမ်းမှ ထောင်နှင့်ချီသော ပအိုဝ်းပြည်သူများ တောတောင်များထဲ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။

“ကျနော်တို့ ပအိုဝ်းဒေသမှာ တိုက်ပွဲတွေက နေ့စဉ်ရက်ဆက်ဖြစ်နေတာရှိပါတယ်။ တချို့နေ့တွေမှာ တော့ မြေပြင်တိုက်ပွဲရှိပါတယ်။ တချို့နေ့တွေမှာတော့ မြေပြင်တိုက်ပွဲမရှိဘဲနဲ့ လေယာဉ်တို့ ဒရုန်းတို့၊ လက်နက်ကြီးတို့နဲ့တော့ နေ့တိုင်းပစ်နေတာရှိတယ်။ အဲလိုပစ်နေတော့ အရပ်သားတွေ ထိခိုက် သေ ဆုံးမှုရှိတယ်။ အရပ်သားတွေ စစ်ရှောင်နေရတာတွေလည်းရှိတယ်။ လောလောဆယ်တိုက်ပွဲဖြစ် နေ တဲ့ ကာလဖြစ်တဲ့အတွက် အတိအကျတော့ ကျနော်တို့ဆီ မရောက်သေးပါဘူး” ဟု PNLA သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ရှိသူ ခွန်းရိန်းယံက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article