ပေါင်မြို့နယ်တွင် အကျဉ်းဦးစီးဌာနက သစ်ခိုးထုတ်ပြီး အကျဉ်းသားများကို ခိုင်းစေနေ
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် အကျဉ်းဦးစီးဌာနက သစ်ခိုးထုတ်ပြီး အကျဉ်းသားများကို သစ်ခိုးထုတ်လုပ်ငန်းများတွင် ခိုင်းစေနေကြောင်း ပေါင်မြို့နယ်အခြေစိုက် သစ်လုပ်ငန်းရှင်များနှင့်နီးစပ်သူများက ပြောဆိုသည်။
မွန်ပြည်နယ် ပေါင်မြို့နယ် ဇင်းကျိုက်မြို့ ခလောက်အင်းရပ်ကွက်နားရှိ အကျဉ်းဦးစီးဌာနဝင်းအတွင်းတွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကုန်မှ စ၍ ဘုန်းကြီးကျောင်းပြန်လည်ပြုပြင်ရန်အတွက်ဆိုကာ ကျွန်းသီးသန့် သစ်များကို လက်ခံထိန်းသိမ်းထားသော်လည်း အဆိုပါ သစ်များသည် တရားမဝင် သစ်ကုန်ကူးရန် လုပ်ဆောင်နေခြင်းသာ ဖြစ်ကြောင်း သစ်လုပ်ငန်းနှင့် နီးစပ်သူများထံမှ သိရှိရသည်။
ပေါင်မြို့နယ်တွင် နှစ် ၂၀၀ နီးပါး ရှေးဟောင်း ရွှေဒင်္ဂါးကျောင်း၏ အမိုး ပျက်စီးယိုယွင်းနေသည်ကို ပြန်လည်ပြုပြင်ပေးမည်ဟု ကျောင်းဆရာတော်ကို လျှောက်ထား၍ တရားမဝင်သစ်ကုန်ကူးမှုများလုပ်ဆောင်နေကြောင်း၊ သစ်များထားရန်အတွက် အကျဉ်းဦးစီးဌာနဝင်းကို အသုံးချခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
လက်ရှိအတွင်း ထောင်ပိုင်က အကျဉ်းဦးစီးဝင်းထဲရှိ သစ်များကို ဘုန်းကြီးကျောင်းသို့ အမြန်ရွှေ့ပြောင်းရန် ပြောဆိုထားသော် လည်း သစ်ကုန်ကူးရန် လုပ်ဆောင်နေသူများက ဘုန်းကြီးကျောင်းသို့ လှူရန် စိတ်ကူးမရှိဘဲ သစ်စက်များကို ရောင်းချရန် လိုက်လံစပ်နေခြင်းဖြစ်ကြောင်း သစ်လုပ်ငန်းနှင့် နီးစပ်သူများထံမှ သိရှိရသည်။
“သစ်ပိုင်ရှင်က လျှပ်စစ်ဌာနက မြို့မှူးလို့လည်း ခေါ်တယ် ရဲသီဟလို့ သိထားတယ်။ သူ့နောက်မှာ ပွဲစားတချို့ရှိတယ်။ ဆရာတော်ကြီးနဲ့ ထောင်ပိုင်က အသုံးချခံနေကြရတာ။ ကျောင်းပြင်တာကို အခွင့်ကောင်းယူထားတာ ။ ဒီသစ်အားလုံးက ကျောင်းဆီ တစ်ခုမှ မရောက်ဘဲနဲ့ ပေါင်မြို့မှာ ရှိတဲ့ ဘီကင်သစ်စက်ကို သွားပြီးတော့ သစ်စပ်တာတွေ လုပ်ငန်းရှင်တွေကို သွားပြီးတော့ စပ်တာတွေ ဘားအံဘက်ကို သွားပြီးတော့ စပ်တာတွေ အကြီးအကျယ်လုပ်နေတယ်” ဟု သစ်လုပ်ငန်းနှင့် နီးစပ်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
လက်ရှိ အဆိုပါ သစ်များကို သစ်သမားများက မထိရဲသေးသည့်အတွက် အကျဉ်းဦးစီးဝင်းထဲတွင် သစ်များရှိနေသေးကြောင်း သစ်လုပ်ငန်းနှင့် ဆက်စပ်သူများထံမှ သိရှိရသည်။
ထို့ပြင် သစ်ခိုးထုတ်သူများသည် စစ်တပ်နှင့် ပူးပေါင်းပြီး တောင်ငူ ၁၄၄ မိုင်မှ သစ်များကို ခိုးထုတ်နေပြီး ယနေ့ ဇန်နဝါရီလ ၁၉ ရက်နေ့ ညပိုင်းတွင်လည်း တောင်ငူ ၁၄၄ မိုင်မှ သစ်ကားများ ရန်ကုန်သို့ တရားမဝင် သစ်များ သယ်ယူရန် လုပ်ဆောင်နေကောင်းလည်း သစ်လုပ်ငန်းနှင့် နီးစပ်သူများထံမှ သိရှိရသည်။