တောင်သာမြို့နယ်၊ သာစည်ရွာကို စစ်တပ်က စက်တပ် လေထီးများဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံး
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ သာစည်ရွာကို အကြမ်းဖက် စစ်တပ်က စက်တပ် လေထီးများဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက် အစောပိုင်း ၁ နာရီ ၄၅ မိနစ်ခန့်တွင် သာစည်ရွာကို အကြမ်းဖက် စစ်တပ်က စက်တပ် လေထီးများဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုကြောင့် သာစည်ရွာရှိ ဦးစိန်ဝင်းနေအိမ်ပေါ် ကျရောက် ပေါက်ကွဲခဲ့ပြီး နေအိမ်ဘေးတွင် နေထိုင်သည့် အသက် ၇၀ အရွယ် ဒေါ်ဇင် သေဆုံးခဲ့ကြောင်း၊ စစ်တပ်က ထပ်မံကျဲချသော ဗုံးသီး ၁ လုံးသည် ကားလမ်းဘေးကို ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။
အဆိုပါ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ဦးစိန်ဝင်းသည် နေအိမ်သည် မီးလောင်ပျက်စီးခဲ့ပြီး ဦးစိန်ဝင်း၏ သားဖြစ်သူသည် အကြမ်းဖက်စစ်တပ်ရှိ ရေတပ်ထဲတွင် ထာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း သိရသည်။
“ဒီနေ့ နံနက် အစောပိုင်းက အကြမ်းဖက် စစ်ကောင်စီရဲ့ စက်တပ်လေထီးက သာစည်ရွာပေါ်ကို ဗုံးသီးကျဲချခဲ့တာ ဦးစိန်ဝင်း နေအိမ်ပေါ် ၁ လုံးကျပြီး မီးလောင်တယ်။ အိမ်နီးချင်းဖြစ်သူ ဒေါ်ဇင် သေဆုံးတယ်။ နောက်တစ်လုံးက ကားလမ်းဘေးကျတယ်။ ပြည်သူတွေ ထိခိုက်မှုမရှိဘူး။ နေအိမ်မီးလောင်ပျက်စီးသွားသူ ဦးစိန်ဝင်ရဲ့ သားဖြစ်သူမက အကြမ်းဖက် စစ်တပ်ရဲ့ ရေတပ်ထဲမှာ ထာဝန်ထမ်းဆောင်နေသူပါ” ဟုတောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အလားတူ ဇန်နဝါရီလ ၂၁ ရက်နေ့ ညနေ ၅ နာရီ ၃၆ မိနစ်ခန့်ကလည်း အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ပစ်ခတ်မှုကြောင့် သာစည်ရွာမှ အသက် ၅၅ နှစ်အရွယ် အမျိုးသမီး ၁ ဦး ဒဏ်ရာရပြီး နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ရကြောင်း၊ ထို့ကြောင့် ပြည်သူများအနေဖြင့် ဗုံးခိုကျင်းများ စနစ်တကျ တူးဖော်ထားကြရန် တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီက အသိပေးပြောဆိုထားသည်။