31 C
Yangon

တန့်ယန်းမြို့ မူးယစ်တပ်ဖွဲ့ ခေါင်းဆောင် ရဲအုပ် ဝင်းမင်းထွေး ကိုယ်တိုင် မူး ယစ် ဆေးသုံးစွဲပြီး အနှိပ်ခန်းများတွင် မူးယစ်ဆေးဝါးများ ရောင်းချ ဝင်ငွေရှာ

Must read

တန့်ယန်းမြို့ မူးယစ်တပ်ဖွဲ့ ခေါင်းဆောင် ရဲအုပ် ဝင်းမင်းထွေး ကိုယ်တိုင် မူး ယစ် ဆေးသုံးစွဲပြီး အနှိပ်ခန်းများတွင် မူးယစ်ဆေးဝါးများ ရောင်းချ ဝင်ငွေရှာ

ရန်ကုန်၊ ဇန်နဝါရီ ၂၅

ရှမ်းပြည်နယ်၊ တန့်ယန်းမြို့ပေါ်တွင် အမှတ် ၂၃ မူးယစ်တပ်ဖွဲ့စုမှ ခေါင်းဆောင် ရဲအုပ် ဝင်းမင်းထွေး ကိုယ်တိုင် မူးယစ်ဆေးသုံးစွဲပြီး အနှိပ်ခန်းများတွင်လည်း မူးယစ်ဆေးဝါးများ ရောင်းချ ဝင်ငွေရှာနေကြောင်း ရဲသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

၂၀၂၄ ခုနှစ်မှ စတင်၍ တန့်ယန်းမြို့ပေါ်တွင် အမှတ် ၂၃ မူးယစ်တပ်ဖွဲ့စုမှ တပ် ဖွဲ့ စုမှူး ရဲမှူး ကျော်နိုင် ပြောင်းရွှေ့သွားပြီးနောက် ခေတ္တ တပ်ဖွဲ့စုမှူးဖြစ်လာသည့် ရဲအုပ် ဝင်းမင်းထွေးက အနှိပ်ခန်းများ၌ မူးယစ်ဆေးဝါးများ ရောင်းချ ဝင်ငွေရှာနေခြင်းဖြစ်ကြောင်း သိရသည်။

တန့်ယန်းမြို့ပေါ်တွင် အနှိပ်ခန်း၅၀ ခန့်ရှိပြီး ဆိုင် ၄၀ ခန့်မှာ ဘိန်း၊ မြင်းခွာရွက် အခြောက်ရောနှောထားသော ခပ်ခူး မူးယစ်ဆေးများ နှင့် စိတ်ကြွဆေးပြားများကို ရောင်းချနေခြင်းဖြစ်ကြောင်း၊ အဆိုပါ မူးယစ်ဆေးဝါး ရောင်းချနေသော အနှိပ်ခန်းများကို ဖမ်းဆီးပေးရန် တန့်ယန်း မူးယစ်ရဲတပ်ဖွဲ့ကို ပြည်သူများက သွားရောက် တိုင်ကြားသော်လည်း အရေးယူမှုမရှိကြောင်း သိရသည်။

တန့်ယန်း မူးယစ်ရဲ အဖွဲ့ခေါင်းဆောင် ရဲအုပ် ဝင်းမင်းထွေးက တန့်ယန်းမြို့ရှိ အနှိပ်ခန်းများမှ တစ်ဆိုင်လျှင် ငွေကျပ် ၁၀ သိန်းနှုန်းဖြင့် လစဥ်ကြေး ကောက်ကြောင်း၊ အဆိုပါ ရရှိလာသော ငွေကြေးများကို နေပြည်တော်ရှိ မူးယစ်တပ်ဖွဲ့မှူးသို့လည်း ပေးပို့နေခြင်းကြောင့် အမှတ် ၂၃ မူးယစ်တပ်ဖွဲ့စုကို ရဲမှူး အဆင့်ရှိသော ရဲအရာရှိများ စေလွှတ်ခြင်း မရှိတော့ဘဲ ၂ ပွင့် ရဲအုပ် ဝင်းမင်းထွေးကိုသာ လက်ရှိအချိန်အထိ ဆက်လက် အုပ်ချုပ်ခိုင်းထားကြောင်း သိရှိရသည်။

ထို့ပြင် ရဲအုပ် ဝင်းမင်းထွေးက KTV ၊ BAR နှင့် အနှိပ်ခန်းများမှ လိုင်းကြေး များကို အခြားမူးယစ်ရဲများက ထပ်မံလိုက်ကောက်မည်ကို စိုးရိမ်၍ ရဲတပ်ဖွဲ့ဝင်များ အားလုံး လိုင်းကြေး ပိုက်ဆံ မကောက်ရန် လက်မှတ် ထိုးခိုင်းပြီး ၎င်းကိုယ်တိုင် လက်ဝါးကြီးအုပ်ထားကြောင်း သိရသည်။

ရဲအုပ် ဝင်းမင်းထွေးမှာ ၎င်းကိုယ်တိုင်လည်း မူးယစ်ဆေးဝါး သုံးစွဲနေသည်မှာ ၄ နှစ်ခန့်ရှိပြီဖြစ်ပြီး ဆေးသမားတစ်ဦးဖြစ်ကြောင်း၊ ဝင်းမင်းထွေးသည် ၎င်းရုံးတွင် မူးယစ်ဆေးဝါး ပေါ်တင်သုံးစွဲနေသည့်အပြင် တန့်ယန်းမြို့မှ ငွေကြေး ချမ်းသာသူများနှင့်အတူ မူးယစ်ရဲတပ်ဖွဲ့ရုံးတွင် ဆေးသုံးစွဲကြောင်း၊ မူးယစ်ဆေးဝါး ရောင်းချသည့် အနှိပ်ခန်းများကို အခြား မူးယစ်ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးမှုများရှိသော်လည်း ဝင်းမင်းထွေးက ကြို တင် သတင်းပို့ ရှောင်ရှားခိုင်းခြင်းကြောင့် ဖမ်းဆီးခံရသူ တစ်ဦးမှ မရှိကြောင်း သိရှိရသည်။

“တန့်ယန်းမြို့ပေါ်မှာ အနှိပ်ဆိုင်ပေါင်း ၅၀ ခန့်ရှိတယ်။ ရိုးရိုး အနှိပ်ဆိုင်ကတော့ ၁၀ ဆိုင်ပဲ ရှိတယ်။ ကျန်တဲ့ အနှိပ်ခန်း ၄၀ ဆိုင် နီပါး ကတော့ ဘိန်း၊ ခပ်ခူးနဲ့ စိတ်ကြွဆေးပြားတွေဆိုင်မှာ ပေါ်တင်ပဲ ဝယ်ယူသုံးစွဲနေကြတယ်။ အနှိပ်ဆိုင်တွေကို ဖမ်းဆီးပေးဖို့ တန့်ယန်းမူးယစ်ရဲကို တိုင်လည်း ဖမ်းမိတာတစ်ခါမှ မရှိဘူး။ သူတို့ ခေါင်းဆောင် ရဲအုပ် ဝင်းမင်းထွေး ကိုယ်တိုင်က တန့်ယန်း အနှိပ်ဆိုင်တွေကို မူးယစ်ဆေးဝါး ရောင်းခိုင်းပြီး လစဥ် ငွေရှာနေတာ သူက လိုင်းကြေးရပိုက်ဆံတွေကိုလည်း နေပြည်တော် မူးယစ် တပ်ဖွဲ့မှူး လူကြီးတွေကို လာဘ်ထိုးနေတော့ သူ့နေရာမှာ ဘယ်သူမှ အစားမထိုးဘူး။ သူ့ကိုယ်ပဲ ဆက် အုပ်ချုပ်ခိုင်းနေတာ သူကိုယ်တိုင်လည်း မူးယစ်ဆေးဝါးသုံးစွဲတာ ၄ နှစ်လောက်ရှိနေပြီ ဆေးသမားဖြစ်နေပြီတဲ့ မူးယစ်ရုံးက သူ့အခန်းမှာလည်း ဆေးသုံးစွဲတယ်။ အပြင်ကလူတွေ ပိုက်ဆံရှိတဲ့ သူတွေကော ခေါ်ပြီး မူးယစ်ရုံးမှာပဲ ပေါ်တင်ချနေတာ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

တန့်ယန်းမြို့ပေါ်ရှိ အနှိပ်ခန်းများတွင် မြင်းခွာရွက် အခြောက်ရောနှောထားသော ခပ်ခူး ၁ ထုပ်ကို ငွေကျပ် ၃ သောင်း၊ ဆေးပြား ၁ ပြားကို ငွေကျပ် ၁ ထောင် နှင့် ဆေးပြားထုပ် တစ်ထုပ်လျှင် ငွေကျပ် ၂ သိန်း ပေါက်စျေးရှိနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article