20 C
Yangon

ဒဂုံမြို့သစ် ဆိပ်ကမ်း မြို့နယ် နှင့် တာမွေမြို့နယ် တို့တွင် စစ်မှုထမ်း ရမည့် အမျိုးသမီးစာရင်းများ စတင်ကောက်ယူ

Must read

ဒဂုံမြို့သစ် ဆိပ်ကမ်း မြို့နယ် နှင့် တာမွေမြို့နယ် တို့တွင် စစ်မှုထမ်း ရမည့် အမျိုးသမီးစာရင်းများ စတင်ကောက်ယူ

ရန်ကုန်၊ ဇန်နဝါရီ ၂၆

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်နှင့် တာမွေမြို့နယ်တို့တွင် စစ်မှုထမ်း ရမည့် အမျိုးသမီးစာရင်းများ စတင်ကောက်ယူနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယခုရက်ပိုင်းအတွင်း ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ အမှတ် ၉၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ခင်မောင်ဇင်က စစ်မှုထမ်းရန် အကျုံးဝင်နေသည့် အမျိုးသမီးစာရင်းများကို စတင်လိုက်လံ ကောက်ယူနေကြောင်း၊ ထိုသို့ ကောက်ယူရာတွင် စာရင်းသွင်းလိုက်သည်နှင့် အိမ်တွင် ရှိနေရမည်ဖြစ်ပြီး ထွက်ပြေးလျှင် ထောင်ချ အရေးယူမည်ဟု ခြိမ်းခြောက်ပြောဆိုလာကြောင်း သိရှိရသည်။

“အုပ်ကြီး ခင်မောင်ဇင်နဲ့အဖွဲ့က အမျိုးသမီး စစ်မှုထမ်းစာရင်း စတင်ကောက်ယူနေပါတယ်။ စာရင်းတွေလည်း ထုတ်ပြန်ပြီး အထက်ကို တင်မယ်ပြောတယ်။ အသက် ၁၈ နှစ်ကနေ အသက် ၂၇ နှစ်အတွင်း အမျိုးသမီး စာရင်းကောက်တယ်။ အိမ်ထောင်စုစာရင်းမှာ အငယ်ဆုံး သမီးတွေက အစ စာရင်းပါကုန်တာ။ မိဘတွေအကုန် အရူးမီးဝိုင်းနဲ့သောကတွေရောက်နေပါတယ်” ဟု ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

လတ်တလော ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ အမှတ် ၉၄ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ကမူ အမျိုးသမီးစာရင်းကို စစ်မှုထမ်းစာရင်းမှ ပယ်ဖျက်လိုပါက ငွေကျပ် သိန်း ၇၀ ဖြင့် ပယ်ဖျက်နိုင်သည်ဟု ငွေကြေးညှိနှိုင်း ပြောဆိုလာကြောင်း သိရှိရသည်။

အလားတူ တာမွေမြို့နယ်အတွင်း၊ ကျောက်မြောင်းနှင့် တချို့ရပ်ကွက်များတွင်လည်း စစ်မှုထမ်းရန် အကျုံးဝင်သည့် အမျိုး သမီးများစာရင်းကို စတင်ကောက်ယူနေကြောင်း၊ မည်သည့်အချိန်တွင် စတင် စစ်မှုထမ်းရမည်နည်းဟု မေးမြန်းသောအခါတွင်လည်း ပြန်လည် ဖြေကြားခြင်းမပြုဘဲ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က အမျိုးသမီး စာရင်း ကောက်ယူခိုင်းခြင်းဟုသာ ပြန်လည် ဖြေကြားကြောင်း သိရှိရသည်။

စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေအရ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၂၇ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း၊ ကျွမ်းကျင်သူ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၄၅ နှစ် မပြည့်သေးသော နိုင်ငံသားကိုလည်းကောင်း၊ ကျွမ်းကျင်သူ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားကိုလည်းကောင်း ဆိုလိုကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article