တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ပြည်တွင်းပြည်ပ မလိုလားသော အဖွဲ့များက နည်းလမ်းမျိုးစုံဖြင့် သွေးခွဲ နေ၍ နှစ်နိုင်ငံ တာဝန်ရှိသူများနှင့် ပြည်သူများ အထူးဂရုစိုက်ကြရန် မင်းအောင်လှိုင် ပြော
ရန်ကုန်၊ ဇန်နဝါရီ ၂၆
တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ပြည်တွင်းပြည်ပ မလိုလားသော အဖွဲ့များက နည်းလမ်းမျိုးစုံဖြင့် သွေးခွဲ နေ၍ နှစ်နိုင်ငံ တာဝန်ရှိသူများနှင့် ပြည်သူများ အထူးဂရုစိုက်ကြရန် မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။
ယမန်နေ့ ရန်ကုန်မြို့၊ သု၀ဏ္ဏဘောလုံးကွင်းတွင် ပြုလုပ်သည့် တရုတ်နှစ်ကူးပွဲ တက်ရောက်စဉ် အကြမ်းဖက် မင်းအောင်လှိုင်က အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။
တရုတ်နှင့်မြန်မာနိုင်ငံတို့သည် ရှေနှစ်ပေါင်းများစွာကတည်းက ချစ်ကြည်ရင်းနှီးမှုအပေါ် အခြေခံ၍ နှစ်နိုင်ငံဆက်ဆံရေးထူထောင်ခဲ့ကြကြောင်း၊ ယခုကဲ့သို့ နှစ်နိုင်ငံ၏ ချစ်ကြည် ရင်းနှီးသည့် ဆက်ဆံရေးကို မလိုလားကြသည့် ပြည်တွင်းပြည်ပ အဖွဲ့များအနေဖြင့်လည်း နည်းလမ်းမျိုးစုံ အသုံးပြုပြီး သွေးခွဲနေကြောင်း၊ နှစ်နိုင်ငံ၏ တာဝန်ရှိသူများနှင့် နိုင်ငံသူ နိုင်ငံသားများ အားလုံး က အထူးဂရုစိုက်ကြရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။
“ချစ်ကြည်ရင်းနှီးမှုကို ရေကိုသားလို့ အကြားမထင်သလို ဘယ်လိုနည်းလမ်းနဲ့ လုပ်ရပ်မျိုးကမှ ပျက်ပြားအောင် လုပ်၍ မရဘူးဆိုသည်ကို သက်ပြေနိုင်ရန် လိုကြောင်း၊ ထို့ကြောင့် မိမိတို့ မြန်မာပြည်သူများ၊ မြန်မာနိုင်ငံအတွင်း ရှိကြသည့် တရုတ်-မြန်မာ အသင်းအဖွဲ့များ၊ တရုတ်နွယ်ဖွား မြန်မာနိုင်ငံသားများ၊ မြန်မာနိုင်ငံအတွင်း လာရောက် အလုပ်လုပ်ကိုင်နေကြသည့် တရုတ်နိုင်ငံသားများအနေဖြင့် နိုင်ငံချစ်စိတ်၊ အေးအတူ ပူအမျှ အတူတူ နေထိုင်သွားကြမည်ဆိုသည့် စိတ်များနှင့် အချင်းချင်း ပူးပေါင်းဆောင်ရွက်ကြပြီး အားလုံးက ကြိုးပမ်းသွားကြရန် ” မင်းအောင်လှိုင်က တိုက်တွန်းသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသည့် လုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးရန် ပန်ကြားလိုကြောင်း မင်းအောင်လှိုင်က ပြောဆိုသွားသည်။