ရန်ကုန်၊ ဇန်နနဝါရီ ၂၇
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဗထူးအိမ်ရာမှ လူငယ် ၃ ဦးကို ဧည့်စာရင်းစစ်မည်ဟုဆိုကာ စစ်တပ်က ယမန်နေ့ညပိုင်း အကြမ်းဖက် ဝင်ရောက် ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဇန်နဝါရီလ ၂၆ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်အချိန် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ဗထူးအိမ်ရာဝင်းအတွင်းသို့ စစ်တပ်က အလုံးအရင်းဖြင့် ဝင်ရောက်လာပြီး ဧည့်စာရင်းစစ်ကာ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ် ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ လက်ရှိ သိထားသော အချက်အလက်များအရ ဧည့်စာရင်း မရှိ၍ ဖမ်းဆီးခြင်းမဟုတ်ဘဲ စစ်မှုထမ်း တပ်သားအဖြစ် စုဆောင်းရန် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။
” ပထမတော့ ဧည့်စာရင်းကြောင့် ဖမ်းတာမဟုတ်ဘူးလောက်ပဲသိတာ။ ဒီမနက် ရပ်ကွက်ရုံးကို မေးတော့မှ စစ်မှုထမ်း တပ်သားအတွက် နာမည်စာရင်းပေါက်တယ်။ ပြီးတော့ ဖုန်းထဲမှာလည်း နိုင်ငံရေးပို့စ်တွေ ရှယ်တယ်ဆိုတာမျိုးကြားရတယ်။ မနေ့က ဝင်လာတာကတော့ အလုံးအရင်းနဲ့ကို ဗထူးအိမ်ရာထဲကို ဝင်ဖမ်းတာ။ လူငယ်တွေကို လက်ထိပ်ခတ်ပြီး ဖမ်းသွားတာ ပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် ဇန်နဝါရီလ ၂၃ ရက်နေ့ ပြည်သူ့စစ်မှုထမ်း နည်းဥပေဒကို စစ်ကောင်စီက ထုတ်ပြန်ကြောင်း ကြေညာပြီးနောက် အမျိုးသမီးများ စစ်မှုထမ်းရန်နှင့် စာရင်းကောက်ယူမှုများကို စစ်ကောင်စီက ပေါ်ပေါ်တင်လုပ်ဆောင်လာရာ လူငယ်အများစုမှာ တိမ်းရှောင်လာကြကြောင်း၊ ရန်ကုန်မြို့မှာလည်း ည ၇ နာရီကျော်အချိန်ဆိုလျှင်ပင် လမ်းပေါ် လူသူမရှိတော့ကြောင်း သိရှိရသည်။
“အခုက စစ်မှုထမ်း စာရင်းသွင်းရမယ်ဆိုပြီး အမျိုးသမီး၊ အမျိုးသား အကုန် ဆင့်ခေါ်စာတွေလည်းရောက်လာတယ်။ မည်သူမဆို အကုန်စစ်မှုထမ်းရမယ်ဆိုတဲ့ စစ်မှုထမ်း နည်းဥပဒေလည်း ထွက်လာတော့ အားလုံးက ကြောက်လန့်ကုန်တယ်။ အရင်ကဆိုရင် ည ၉ နာရီလောက် လမ်းပေါ် လူပြတ်တာ။ အခုက ည ၇ နာရီကျော်ရင်ကို လူမရှိတော့ဘူး။ လူငယ်တွေလည်း ညဘက်အဆို အပြင်မထွက်ကြတော့ဘူး။ စခတွေနဲ့ပိုင်တဲ့ကလပ်တွေ ဘားတွေမှာကတော့ လူတွေ ပုံမှန်ရှိတယ်။ သာမန် ပြည်သူက ည ၇ နာရီကျော်ရင် မထွက်ကြတော့ဘူး” ဟု ည ၁၁ နာရီအထိ ရန်ကုန်တွင် အငှားယာဉ် ပြေးဆွဲ မောင်းနှင်သူ တက္ကစီဒရိုင်ဘာတစ်ဦးက ဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက ဇန်နဝါရီလ ၂၃ ရက်နေ့ ထုတ်ပြန်လိုက်သော ပြည်သူ့စစ်မှုထမ်းနည်းဥပဒေတွင် အမျိုးသမီး၊ အမျိုးသား၊ Non-CDM ဝန်ထမ်းများနှင့် အလုပ်သမားများ ပါမကျန် စစ်မှုထမ်းရမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။
ဓာတ်ပုံ – ည ၇ နာရီကျော်သာရှိသေးသော်လည်း လူသူမရှိတော့ ရန်ကုန်မြို့၏ နေရာတစ်ခု။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar