ကျောက်မဲမြို့ကို စစ်တပ်က လေယာဉ်ဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ
ရှမ်းပြည်နယ်၊ ကျောက်မဲမြို့ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ပြောဆိုသည်။
ယနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၈ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ကျောက်မဲမြို့ ညစျေးတန်နှင့် ခရိုင်ရုံးကို ထပ်မံလာရောက် ဗုံးကျဲတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် ဗုံးကျဲ တိုက်ခိုက်မှု အတွင်း နေအိမ် ၅ လုံးထက်မနည်း ထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၅ ရက်နေ့ကလည်း ကျောက်မဲပြည်သူ့ဆေးရုံကို အကြမ်းဖက် စစ်ကောင်စီက လာရောက် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး CDM ဆရာမ ၂ ဦးနှင့် လူနာ ၁ ဦး သေဆုံးခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများ၊ CDM ဝန်ထမ်းများနှင့် လူနာ အရပ်သားပြည်သူ ၂၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သား ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ဦးတည် ဗုံးကျဲ တိုက်ခိုက်နေခြင်းဖြစ်ပြီး ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီ၏ ဗုံးကျဲ တိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန်၊ စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန်၊ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း TNLA က အသိပေး ပြောဆိုထားသည်။