လောင်းလုံးနှင့် ရေဖြူ အစပ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာ၍ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်နှင့် ရေဖြူမြို့နယ် အစပ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်လာ၍ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများနှင့် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလပိုင်းက စတင်ပြီး ရေဖြူမြို့နယ်၊ ရေနက်ဆိပ်ကမ်း အနီး ရောက်ရှိနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ရေဖြူမြို့နယ်နှင့် လောင်းလုံးမြို့နယ် အစပ်ကို စစ်ကြောင်းထိုးဝင်ရောက်လာခြင်းကြောင့် ရေဖြူမြို့နယ် အတွင်းရှိ စစ်ဘေးရှောင် ပြည်သူများသည် လောင်းလုံးမြို့နယ်အတွင်း ထွက်ပြေး တိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်တွင် ရေဖြူမြို့နယ်ဘက်မှ လောင်းလုံးမြို့နယ် အတွင်းကိုထပ်မံ ဝင်ရောက်လာသောကြောင့် လောင်းလုံးမြို့နယ် အတွင်းရှိ ကျေးရွာများမှ ပြည်သူများပါ ထွက်ပြေး တိမ်းရှောင်နေရပြီး လက်ရှိချိန်ထိ တော်လှန်ရေး တပ်ဖွဲ့များနှင့်ထိတွေ့ တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးကြောင်း သိရှိရသည်။
လက်ရှိချိန်တွင် ရေဖြူမြို့နယ်နှင့် လောင်းလုံးမြို့နယ် အတွင်းရှိ မူးဒူး၊ ရလိုင်၊ သစ်တိုထောင့်၊ ဒေါင်းရှောင်၊ ဒေါင်းရှောင်၊ ဆင်ပုနစ်၊ မြို့ဟောင်းနှင့် စခန်းကြီးရွာမှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရပြီး စစ်ဘေးရှောင်ပြည်သူများ အတွက်လည်း စားနပ်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများ လိုအပ်မှုရှိကြောင်း သိရသည်။
“စစ်တပ် စစ်ကြောင်းက ရေဖြူထဲကနေ လောင်းလုံးထဲကို ဝင်လာတာပေါ့။ ပြည်သူတွေတိမ်းရှောင်နေရတော့တာရှိပါတယ်။ တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ ထိတွေ့ တိုက်ပွဲဖြစ်ပွားတာမရှိသေးပါဘူး။ စစ်ကြောင်းက ရေဖြူနဲ့ လောင်းလုံးအစပ်က တောထဲမှာပဲရှိသေးတယ်။ ရွာတွေ ပျက်စီးမှု အခြေအနေနဲ့ ပြည်သူတွေ ထိခိုက်မှု အခြေအနေတော့ မကြားမိသေးဘူး။ စစ်ရှောင်တွေအတွက်တော့ ရိက္ခာနဲ့ စောင်တို့ အနွေးထည်တို့ လိုအပ်မှုရှိပါတယ်” ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ပြောဆိုသည်။
ယင်းစစ်ကြောင်းသည် အင်အား ၁၀၀ ကျော်ခန့်ပါဝင်ပြီး ရေဖြူနှင့် လောင်းလုံး မြို့နယ် အစပ်ရှိ တောထဲတွင်ရှိနေပြီး စစ်တပ် စစ်ကြောင်းရှိနေ၍ ပြည်သူများ အနေဖြင့် သတိပြုသွားလာကြရန် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေး နှိုးဆော်ထားသည်။
