ထားဝယ်နှင့် လောင်းလုံးကို ဆက်သွယ်ထားသော ကမြောကင်းတံတား စစ်တပ်ဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်နှင့် လောင်းလုံးမြို့နယ်ကို ဆက်သွယ်ထားသော ကမြောကင်းတံတား အကြမ်းဖက် စစ်တပ်ဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့ ညနေပိုင်းတွင် ထားဝယ်မြို့နယ်နှင့် လောင်းလုံးမြို့နယ်ကို ဆက်သွယ်ထားသော ကမြောကင်းတံတား အကြမ်းဖက် စစ်တပ်ဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး မိနစ် ၂၀ ခန့် ပစ်ခတ်သံများ ဆူညံခဲ့ကြောင်း သိရသည်။
ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိပြီး လူနာတင်ကားများနှင့် စစ်ကူများ သွားရောက်သည်ကို တွေ့ရကြောင်း၊ ထိတွေ့မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က ပစ်ခတ်မှု ဆက်လက် ပြုလုပ်ခဲ့ကြောင်း၊ ကမြောကင်းတံတား စစ်တပ်ဂိတ်သည် ထား၀ယ်မြို့ပေါ် ၀န်ကြီးအိမ်ရာနှင့် ၁ မိုင်ခန့်သာဝေးကြောင်း သိရှိရသည်။
“လောင်းလုံးကိုဖြတ်တဲ့ ကမြောကင်း တံတားမှာ တိုက်ပွဲဖြစ်နေတယ်။ စစ်ခွေးတွေ ထိတော့ ထိတယ်။ သေတာနဲ့ ဒဏ်ရာရတာရှိတယ်။ ဘယ်အဖွဲ့တွေ ဝင်တိုက်တယ်ဆိုတာတော့ မသိရသေးဘူး။ တိုက်ပွဲက မိနစ် ၂၀ လောက်ကြာတယ်။ အခုဖြစ်တဲ့နေရာက ထား၀ယ်မြို့ပေါ် ၀န်ကြီးအိမ်ရာနဲ့ဆို ၁ မိုင် လောက်ပဲရှိတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်က ကမြောကင်းတံတားတွင် လုံခြုံရေး တင်းကြပ်စွာချထားပြီး စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း၊ ထားဝယ်မြို့ပေါ်မှလည်း စစ်ကူများ ရောက်ရှိနေကြောင်း သိရသည်။
