ဟိုပုံးနှင့် တောင်ကြီးမြို့ အကြား ၄ မိုင်ဂိတ်တွင် ဗိုလ်ကြီးအောင်ရဲရင့် ဦးဆောင်သော စစ်တပ်က ခရီးသည်တင်ကားနှင့်ကုန်ကားများထံမှ ငွေညှစ် တောင်းရမ်းမှုများ ဆိုးရွားနေပြီး ပြည်သူများ ဒုက္ခရောက်နေ
ရန်ကုန်၊ ဇန်နဝါရီ ၂၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးနှင့် တောင်ကြီးမြို့အကြားရှိ ၄ မိုင်ဂိတ်တွင် ဗိုလ်ကြီးအောင်ရဲရင့် ဦးဆောင်သော စစ်တပ်က ခရီးသည်တင်ကားနှင့်ကုန်ကားများထံမှ ငွေညှစ် တောင်းရမ်းမှုများ ဆိုးရွားနေပြီး ပြည်သူများ ဒုက္ခရောက်နေကြောင်း ခရီး သွား ပြည်သူများနှင့် ကုန်ကားယာဉ်မောင်းများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဗိုလ်ကြီးအောင်ရဲရင့်သည် အဆိုပါဒေသကို ထိန်းချုပ်ထားသော စစ်ကောင်စီတပ်မှ တပ်နယ်မှူး၏ ကိုယ်ရေးအရာရှိဖြစ်ပြီး ဟိုပုံးနှင့် တောင်ကြီးမြို့ ၄ မိုင်ဂိတ်တွင် လွန်ခဲ့သော ၇ လကတည်းက တောက်လျှောက် တာဝန်ယူကာ ငွေညှစ်တောင်းယူမှုများကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ ငွေကျပ် သိန်းပေါင်းများစွာ သီးနှံထွက်ကုန်ကားများ၊ စက်သုံးဆီတင်ကားများ အပါအဝင် ကုန်ကားများထံမှ ငွေညှစ်ခြင်း၊ ခရီးသည်တင်ကားပေါ်မှ ပြည်သူများကို အကြောင်းအမျိုးမျိုးပြ၍ ငွေတောင်းရမ်းခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။
“ဟိုပုံးမြို့နဲ့ တောင်ကြီးမြို့ ကြားမှာ ရှိတဲ့ ၄ မိုင် ဂိတ်မှာ ဗိုလ်ကြီးအောင်ရဲရင့် ခေါင်းဆောင်တဲ့ စစ်တပ်ဂိတ်က ပိုက်ဆံ အတောင်းအရမ်းကြမ်းပြီးဆိုးနေပါတယ်။ ခရီးသည်တင်ကားနဲ့ ကုန်ကားမှာပါတဲ့ ပစ္စည်းပေါ်ကြည့်ပြီး ပိုက်ဆံကို ကြိုက်သလိုတောင်းပါတယ်။ တောင်းသလောက်မပေးရင် ကားကို ပစ္စည်းတွေအောက်ချ စစ်မယ် ဆေးမယ်ဆိုပြီး အကြောင်းအမျိုးမျိုးနဲ့ ဂိတ်မှာရပ်ခိုင်းထားပါတယ်။ စာရွက်စာတမ်း အစုံအလင်ပါလည်း သူတောင်းချင်သလိုတောင်းတာပါပဲ” ဟု ဒေသသတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
ထိုသို့ ဥပဒေမဲ့ အတောင်းအရမ်းကြမ်းနေမှုများကို စစ်ကောင်စီထိပ်ပိုင်းထံသို့ တိုင်ကြားသော်လည်း တစ်စုံတစ်ရာ အရေးယူမှု မရှိဘဲ ဆက်လက်၍ စစ်တပ်ဂိတ်တွင် သောင်းကျန်း ငွေညှစ် တောင်းယူမှုများ ဆက်လက် ကျူးလွန်နေကြောင်း သိရှိရသည်။
“သူက တပ်နယ်မှူး ကိုယ်ရေးအရာရှိဖြစ်ပြီး အထက်လူကြီးတွေနဲ့ ပိုင်တဲ့အတွက် ပိုက်ဆံတောင်းတာကို တိုင်မယ်ဆိုရင် တိုင်တဲ့သူပဲ ဒုက္ခရောက်မယ်ပြောတယ်။ တိုင်တာလည်း အရေးယူမှုမရှိဘူး။ ကုန်ပစ္စည်းနဲ့ပတ်သတ်ပြီး စာရွက် စာတမ်း အထောက် အထား စုံလင်အောင်ဘယ်လောက်ပဲပါပါ ဂိတ်ရောက်ရင်တော့ တောင်းသလောက် ပိုက်ဆံပေးရပါတယ်” ဟု ဒေသသတင်းရင်းမြစ်က ရှင်းပြသည်။
အကြမ်းဖက်စစ်ကောင်စီက တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသော ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကရင်နီသို့ ရိက္ခာ၊ စက်သုံးဆီနှင့် ဆေးဝါးများ မရောက်ရှိစေရေး အမိန့်အမျိုးမျိုး ထုတ် တားဆီးထားကြောင်း၊ အဆိုပါ အမိန့်ကို အကြောင်းပြ၍ ဗိုလ်ကြီးအောင်ရဲရင့်က ငွေညှစ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
“အခုချိန်မှာက ဆီဈေးတွေကကြီး သယ်ရမယ့်ကုန်ပစ္စည်းတွေရှားပါးပြီး လမ်းကြောင်းအခြေအနေဆိုးပြီး သွားရတာအချိန်ကန့်သတ်ချက် ရှိတဲ့အတွက် ကုန်သည်တွေအားလုံး ဒုက္ခရောက်ကြတယ်။ ကုန်စျေးနှုန်းတွေတက် ကုန်တွေရှားတာက အဲဒီလိုတွေဖြစ်နေတာကြောင့်ပဲ” ဟု ကုန်ကားယာဉ်မောင်းတစ်ဦးက ဆိုသည်။
ထို့ပြင် အဆိုပါ ၄ မိုင်ဂိတ်တွင် လူငယ်များကို ဖမ်းဆီး၍ စစ်မှုထမ်း စုဆောင်းခြင်း၊ ငွေညှစ်ခြင်း၊ မသင်္ကာဟုဆိုကာ ဖမ်းဆီး နှိပ်စက်ရိုက်နှက်ခြင်းများကိုလည်း ဗိုလ်ကြီးအောင်ရဲရင့်က ဦးဆောင်လုပ်ကိုင်လျက်ရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ-တောင်ကြီး-ဟိုပုံးလမ်းမှ အကြမ်းဖက်စစ်တပ်၏ စစ်ဆေးရေးဂိတ်တစ်ခု။