25.2 C
Yangon

ပထုံထာနီခရိုင်နှင့် ချွန်ဘူရီခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းများကို ထိုင်းအာဏာပိုင်များက ဝင်ရောက်စီးနင်းမှု တရားမဝင်အလုပ်လုပ်ကိုင်သော မြန်မာနိုင်ငံသား ၅၅ ဦး ဖမ်းဆီးခံရ

Must read

ရန်ကုန်၊ ဇွန် ၁၂

ထိုင်းနိုင်ငံ၊ ပထုံထာနီခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို ထိုင်းအာဏာပိုင်များက ရှောင်တခင် ဝင်ရောက်စီးနင်းခဲ့ရာ တရားမဝင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၃၄ ဦး အပါအဝင် ၁၂၂ ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းများအရ သိရသည်။

ယမန်နေ့ ဇွန်လ ၁၁ ရက်နေ့တွင် ပထုံထာနီခရိုင်၊၊ ခလောင်လွန်းမြို့နယ်၊ ခလောင်နွန်းကျေးရွာအုပ်စုရှိ Damac Digital ကုမ္ပဏီ၏ အထပ် ၂၀ အမြင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို သတင်းပေးချက်အရ အလုပ်သမားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေး၊ စစ်ဘက်ဆိုင်ရာအဖွဲ့များနှင့် အဖွဲ့စုံ ပူးပေါင်းအဖွဲ့များက ရှောင်တခင် ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။

ထိုသို့ အဖွဲ့စုံဝင်ရောက်စီးနင်းမှုအတွင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း တရုတ်နိုင်ငံသား အလုပ်သမားအမြောက်အမြား တရားမဝင် လာရောက်လုပ်ကိုင်နေကြောင်း ဒေသပြည်သူများ၏ တိုင်ကြားချက်အရ သွားရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး၊ စစ်ဆေးရေးအဖွဲ့များ ဝင်ရောက်လာစဉ် အလုပ်သမားများသည် ထွက်ပြေးတိမ်းရှောင်ခဲ့ကြသော်လည်း ထိုင်းအာဏာပိုင်များက အလုပ်သမား ၁၄၆ ဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရှိရသည်။

ဖမ်းဆီးခံရသော အလုပ်သမား ၁၄၆ ဦးကို အသေးစိတ်စစ်ဆေးရာတွင် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) မရှိဘဲ လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၃၄ ဦး အပါအဝင် တရုတ်နိုင်ငံသား ၈၆ ဦး၊ ကမ္ဘောဒီးယားနိုင်ငံသား ၂ ဦး စုစုပေါင်း ၁၂၂ ဦးကို ဖမ်းဆီးခံရပြီး ကျန်ရှိသည့် တရားဝင် အထောက်အထားပြည့်စုံသူ ၂၄ ဦးကို ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် ဖမ်းဆီးခံရသော အထောက်အထားမရှိသည့် မြန်မာနိုင်ငံသား ၃၄ ဦးအပါအဝင် အလုပ်သမား ၁၂၂ ဦးကို ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ခိုးဝင်မှု ၊ ခွင့်ပြုထားသည့် အမျိုးအစားမဟုတ်သည့် လုပ်ငန်းလုပ်ကိုင်မှု နှင့် အလုပ်လုပ်ကိုင်ခွင့်လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်မှု တို့ဖြင့် အမှုဖွင့် အရေးယူထားပြီး ဥပဒေအရ အရေးယူမှုများ ပြီးစီးပါက သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်လည်ပို့ဆောင်နိုင်ရန် ဘန်ကောက်မြို့ရှိ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ နိုင်ငံခြားသားထိန်းသိမ်းရေးစခန်းသို့ လွှဲပြောင်းပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်အတွင်းရှိ စက်ရုံတည်ဆောက်ရေး လုပ်ငန်းခွင်တစ်ခုကို ထိုင်းအာဏာပိုင်များက ဝင်ရောက်စီးနင်းရာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၁ ဦး အပါအဝင် ၂၅ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းများအရ သိရသည်။

ဇွန်လ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ချွန်ဘူရီခရိုင် အလုပ်အကိုင်ရှာဖွေရေးရုံး၊ ထိုင်းပြည်တွင်းလုံခြုံရေးတပ်ဖွဲ့ (ISOC)၊ လူဝင်မှုကြီးကြပ်ရေး နှင့် လူကုန်ကူးမှုနှိမ်နင်းရေးရဲတပ်ဖွဲ့ တို့ ပူးပေါင်းကာ ချွန်ဘူရီခရိုင်၊ ဘန်းဘုန်းမြို့နယ်၊ ခလောင်ကိဝ်ကျေးရွာအုပ်စုရှိ မြေဧရိယာ ဧက ၃၀ ခန့်ကျယ်ဝန်းသော စက်ရုံနှင့် ကုန်သိုလှောင်ရုံဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုကို ဒေသပြည်သူများသတင်းပေးချက်အရ ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ထိုင်းအာဏာပိုင်ပူးပေါင်းအဖွဲ့က လုပ်ငန်းခွင်အတွင်း ဝင်ရောက်ပိတ်ဆို့စဉ် စစ်ဆေးမှုပြုလုပ်စဉ် နိုင်ငံခြားသားအလုပ်သမား ၁၀၀ ခန့်က ထွက်ပြေးတိမ်းရှောင်ရန် ကြိုးပမ်းခဲ့၍ လိုက်လံဖမ်းဆီးခဲ့ရာ တရားမဝင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၂၁ ဦး (အမျိုးသား ၂၀ ဦး၊ အမျိုးသမီး ၁ ဦး) နှင့် တရုတ်နိုင်ငံသား ၄ ဦး၊ စုစုပေါင်း ၂၅ ဦး ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးခံရသော မြန်မာအလုပ်သမား ၂၁ ဦးအပါအဝင် ၂၅ ဦးကို “အလုပ်လုပ်ကိုင်ခွင့်လက်မှတ်မရှိဘဲ တရားမဝင် အလုပ်လုပ်ကိုင်မှု” ဖြင့် ခလောင်ကိဝ်ရဲစခန်းသို့ ပို့ဆောင်ကာ အမှုဖွင့်အရေးယူထားပြီး တရားမဝင် အလုပ်သမားများကို ငှားရမ်းထားသည့် အလုပ်ရှင် ၂ ဦးကိုလည်း အမှုဖွင့်တိုင်ကြားထားပြီး ဖမ်းဆီးအရေးယူရန် ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးခံရမှုသည် ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့က ထိုလုပ်ငန်းခွင်၌ မြန်မာအလုပ်သမား ၁ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့သည့် စက်ရုံအဆောက်အအုံ ပြိုကျမှုကြောင့် အလုပ်ရှင်ဖြစ်သူသည် အာဏာပိုင်များ မသိရှိစေရန် သေဆုံးသူ မြန်မာအလုပ်သမား၏ ရုပ်အလောင်းကို နာရေးကိစ္စအမြန်ပြုလုပ်၍ သတင်းဖျောက်ရန် ကြိုးပမ်းခဲ့၍ ဒေသပြည်သူများ၏ အလုပ်သမားများ တရားမဝင်ခိုင်းစေထားကြောင်း တိုင်ကြားခဲ့ရာမှ ဝင်ရောက် ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article