25.2 C
Yangon

မင်းတပ်မြို့ကို စစ်တပ်က ယနေ့ညနေပိုင်းတွင် လေယာဉ်ဖြင့် ထပ်မံဗုံးကျဲ တိုက်ခိုက်၊ လောင်းလုံးတွင် စစ်တပ်က ဆိပ်ပင်အင်းကျေးရွာအတွင်း ဝင်ရောက် ပစ်ခတ်မှု ပြည်သူ ၂ ဦး ကျည်ထိမှန်

Must read

ရန်ကုန်၊ ဇွန် ၁၂

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို အကြမ်းဖက် စစ်တပ်က ယနေ့ညနေပိုင်းတွင် လေယာဉ်ဖြင့် ထပ်မံဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။

ယနေ့ ဇွန်လ ၁၂ ရက်နေ့ ညနေ ၆ နာရီ ၄၇ မိနစ်နှင့် ၅၁ မိနစ်ခန့်တွင် နေပြည်တော် အေလာလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးက မင်းတပ်မြို့နယ် အရှေ့ခြမ်းကို လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ ထိုလေကြောင်း တိုက်ခိုက်မှုအတွင်း ထိခိုက်မှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ အလားတူ ယနေ့ နံနက်အစောပိုင်း ၆ နာရီခန့်တွင် မကွေးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက မင်းတပ်မြို့ပေါ်တနေရာကို ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲချတိုက်ခိုက်ခဲ့သေးကြောင်းသိရသည်။

ဇွန်လ ၁၀ ရက်နေ့ နံနက် ၈ နာရီခန့်တွင်လည်း စစ်တပ်၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးသည် မင်းတပ်မြို့နယ် အရှေ့ခြမ်းကို ဗုံး ၈ လုံးဖြင့် လေကြောင်း တိုက်ခိုက်မှု ၄ ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ ဇွန်လ ၉ ရက်နေ့ ညနေ ၃ နာရီမှ ၃ နာရီ ၄ မိနစ်အထိ မင်းတပ်မြို့နယ် အရှေ့ခြမ်းတနေရာကို စစ်ကောင်စီ၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးဖြင့် ၂ ကြိမ်၊ ဗုံး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ နံနက် ၉ နာရီ ၁၄ မိနစ်၊ ၉ နာရီ ၂၀ မိနစ်နှင့် ၉ နာရီ ၂၉ မိနစ်တို တွင် မင်းတပ်မြို့နယ်အရှေ့ခြမ်းတနေရာကို စစ်ကောင်စီ၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးဖြင့် ၄ ကြိမ် စုစုပေါင်း ဗုံး ၈ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထိုအတူ ဇွန်လ ၈ ရက် နံနက် ၁၀ နာရီခွဲခန့်မှ ၁၁ နာရီ ၁၅ မိနစ်အထိ မင်းတပ်မြို့အရှေ့ခြမ်းနေရာ များကို စစ်ကောင်စီ၏ တံတားလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးဖြင့် ၃ ကြိမ် ဗုံး ၆ လုံး ကျဲချခဲ့သည့် အပြင် Y- 12 လေယာဉ်ဖြင့် ၄ လုံးတစ်တွဲ၊ ၅ လုံးတစ်တွဲ စသည့်အတွဲလိုက် ၉ ကြိမ် တိတိ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စုစုပေါင်း ဗုံး အလုံး ၄၀ ကျော် အသုံးပြုခဲ့ကြောင်း၊ အလားတူ ဇွန်လ ၇ ရက် နံနက်ပိုင်းကလည်း မင်းတပ်မြို့ပေါ် နေရာအချိုကို စစ်ကောင်စီတပ်က လေကြောင်း ဖြင့် ၃ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ နေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ၊ ဇွန်လ ၆ ရက် နံနက်ပိုင်းကလည်း မင်းတပ်မြို့ အရှေ့ခြမ်း တစ်နေရာကို နေပြည်တော်အေလာလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးဖြင့် ၄ ကြိမ် ဗုံး ၈ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ထိခိုက်ပျက်စီးမှု အခြေအနေများကို သိရှိနိုင်ရန် ရန်ကုန်ခေတ်သစ် သတင်းဌာနက သက်ဆိုင်ရာ တော်လှန်ရေးအင်အားစုများထံ ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေဆိုခြင်းမရှိသေးပေ။

ထိုပြင် တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်နှင့် ရေဖြူမြို့နယ် အစပ်ကို စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်ကလည်း ကျေးရွာအတွင်းမှ ထွက်ပြေး တိမ်းရှောင်သည့် ပြည်သူများကို လိုက်လံ ပစ်ခတ်ခြင်းကြောင့် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသိုပြောဆိုသည်။

ယနေ့ ဇွန်လ ၁၂ ရက်နေ့တွင် လောင်းလုံးမြို့နယ်၊ ဆိပ်ပင်အင်းကျေးရွာကို ဝင်ရောက်လာသောကြောင့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာအတွင်းမှ ထွက်ပြေးတိမ်းရှောင်သည့် ပြည်သူများကို လိုက်လံ ပစ်ခတ်ရာ ပြည်သူ ၂ ဦး ကျည်ထိမှန်ပြီး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“စစ်ခွေးစစ်ကြောင်း ရွာထဲဝင်လာတာ မြင်လို ထွက်ပြေးတဲ့ ပြည်သူတွေကို လိုက်ပစ်တာ ၂ ဦး ကျည်ထိမှန်ပြီး ဒဏ်ရာရသွားတယ်။ ခွေးစစ်ကြောင်းက ရွာထဲမှာပဲ တပ်စွဲထားတုန်းပဲ” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

ဓာတ်ပုံ – မင်းတပ်မြို့ပေါ်ကို အကြမ်းဖက် စစ်တပ်က လေကြောင်း တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ

Photo – Hkl Mindat

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article