ရေးမြို့မ ရဲစခန်းတွင် ပစ်ခတ်မှု ဖြစ်ပွားပြီး ရဲများ ထိခိုက်မှုရှိ
မွန်ပြည်နယ်၊ ရေးမြို့မ ရဲစခန်းတွင် ပစ်ခတ်မှု ဖြစ်ပွားပြီး ရဲများ ထိခိုက်မှုရှိကြောင်း ရဲသတင်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၉ နာရီ ၅၅ မိနစ်ခန့်တွင် ရေးမြို့မ ရဲစခန်းတွင် အချုပ်သားများနှင့် ရဲများ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းပစ်ခတ်မှု အတွင်း ရဲများ ထိခိုက်မှုရှိပြီး အချုပ်သား တချို့ ထွက်ပြေး လွတ်မြောက်မှုများရှိကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ရဲကြေးနန်းတွင် ရေးမြို့မရဲစခန်း၌ အချုပ်သားများက ရဲကင်းအဖွဲ့ကို ထုတ်ပေးထားသော လက်နက်ခဲယမ်းများ ရရှိကာ ဗဟိုကင်းနေရာတွင် လုံခြုံရေးယူထားသော ရဲများနှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဖြစ်စဉ် အပြည့်အစုံကို ထပ်မံ တင်ပြမည်ဟု ဖော်ပြထားသည်။
“ဒီနေ့ နံနက် ၉ နာရီ ၅၅ မိနစ်က ရေးမြို့မရဲစခန်းမှာ အချုပ်သားတွေနဲ့ ရဲတွေနဲ့ ပစ်ခတ်မှုဖြစ်တယ်။ အချုပ်သားတွေနဲ့ ဗဟိုကင်းနေရာမှာ လုံခြုံရေး ယူထားတဲ့ ရဲတွေ အပြန်အလှန် ပစ်ခတ်ကြတာလို့ သိရတယ်။ ဖြစ်စဉ် အပြည့်အစုံ တင်ပြဖို့ ကြေးနန်း ပို့ထားတယ်လို့ သိရတယ်” ဟု ရဲသတင်းရင်းမြစ်က ပြောဆိုသည်။
ယနေ့ နံနက်ပိုင်းတွင် ရေးမြို့ပေါ်၌ ပစ်ခတ်သံများ ဆက်တိုက် ထွက်ပေါ်ခဲ့ပြီး စစ်တပ်က ရေးမြို့ အဝင်အထွက်ကို ပိတ်ဆို့ကာ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း၊ ထိုပစ်ခတ်မှုသည် ရေးမြို့မ ရဲစခန်းတွင် ဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။