ရွှေဘိုနှင့် ကလေး တို့တွင် စစ်မှုထမ်း တပ်သားသစ် ၁ ဦးနှင့် စစ်ကောင်စီ တပ်သား ၁ ဦး အလင်းဝင်
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးခဲ့သည့် စစ်မှုထမ်း တပ်သားသစ် ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောဆိုသည်။
ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ရွှေဘိုမြို့နယ်၊ တိုက်နယ်အမှတ် ၆ နယ်မြေအတွင်း အကြမ်းဖက် စစ်တပ်က အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီး စုဆောင်းခံရသော ခမရ ၁၂ ခြေမြန်တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦး လက်နက် ခဲယမ်းများ ယူလာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။
အလင်းဝင်လာသော စစ်ကောင်စီ တပ်သားသစ် ၁ ဦးသည် MA3 သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ဘောက် ၊ ၅.၅၆ ကျည် ၁၀၈ တောင့်၊ လက်ပစ်ဗုံး ၄ လုံး ယူဆောင်လာခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အလင်းဝင်လာသော တပ်သားသစ်ကို ဂုဏ်ပြုဆုငွေ ချီးမြှင့်သွားမည်ဖြစ်ပြီး လူ့အခွင့်အရေးနှင့် အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားရှိကြောင်း၊ အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်နေတာဖြစ်တာကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ ပျူစောထီး များအနေဖြင့်လည်း အမြန်ဆုံးအလင်းဝင်ရောက်ရန် ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောဆိုထားသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ကလေးမြို့ တာဟန်းလုပ်ရှား ရဲကင်းစခန်း မှ စစ်ကောင်စီ တပ်သား ၁ ဦး အလင်းဝင်ခဲ့ကြောင်း CDF Civic Defense Militia -CDM -Siyin က ပြောဆိုသည်။
အလင်းဝင်လာသော စစ်ကောင်စီ တပ်သားသည် အသက် ၂၅ နှစ်အရွယ် ဘူးထန်ကွီ ဖြစ်ပြီး ပလက်ဝမြို့နယ်၊ ဟိုင်းကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။