ရန်ကုန်၊ ဖေဖော်ဝါရီ ၃
တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ် အခက်အခဲနှင့် အလုပ်လုပ်ခွင့် ဗီဇာအကျပ်အတည်း တောင်ကိုရီးယားလွှတ်တော်တွင် ဆွေးနွေးရန်ရှိနေကြောင်း တောင်ကိုရီးယားရောက် နွေဦးတော်လှန်ရေးအဖွဲ့ဝင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့မွန်းလွဲပိုင်းတွင် ကိုရီးယားလွှတ်တော် အစည်းဝေးခန်းမ ၂၀၉ ၌ “ကိုရီးယား ဒီမိုကရေစီ အကျပ်အတည်းမှ ရုန်းထရေးအတွက် မြန်မာ့နွေဦးတော်လှန်ရေးမှ မျှော်လင့်ချက်” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကျင်းပခဲ့ပြီး တောင်ကိုရီးယားနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းနှင့် NUGရုံးတာ၀န်ခံများ၊ MFDMC ဥက္ကဌဦးဇော်မိုးအောင်နှင့် MFDMCတာ၀န်ခံများ တက်ရောက်ကြကြောင်း သိရှိရသည်။
အဆိုပါ ဆွေးနွေးပွဲကို ဒီမိုကရက်ပါတီအမတ်များဖြစ်သည့်အီဂျဲဂျောင်၊ ဆောယောင်ဆော့၊ အီယုန်ဆွန်း၊ ယွမ်ထဲယောင်၊ အီဂန်အီးလ် အမတ်များက ကမကထပြုပေးပြီး၊ ဆိုးလ်တက္ကသိုလ် အာရှသုတေသနဌာန၊ ဆောင်ဂုံဟွဲတက္ကသိုလ် အာရှအန်ဂျီအိုစင်တာနှင့် နယ်စည်းမခြားဒီမိုကရေစီကျောင်းတို့က ပါမောက္ခများ ဦးဆောင်ပါဝင် ဆွေးနွေးကြကြောင်း၊ ဦးစွာ ကိုရီးယားနိုင်ငံဆိုင်ရာ NUGကိုယ်စားလှယ် ဦးရန်နိုင်ထွန်းက နှုတ်ခွန်းဆက် စကားပြောကြားရာတွင် ကိုရီးယားနိုင်ငံ ဒီမိုကရေစီရေးအတွက်သာမက မြန်မာ့ဒီမိုကရေစီရေးအတွက်ပါ ပူးတွဲဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ နွေဦးတော်လှန်ရေးသည် ပြည်သူဘက်မှ အနိုင်ရရန် သေချာနေကြောင်း၊ ကိုရီးယားနေ မြန်မာနိုင်ငံသားများကို ကူညီစောင့်ရှောက်ခြင်းက နွေဦးတော်လှန်ရေးကို အားပေး ခြင်းပင်ဖြစ်ကြောင်း ပြောဆိုသည်။
ထို့နောက် ကိုရီးယားနေ တော်လှန်ရေးလုပ်နေသူများကို ပတ်စပို့သက်တမ်းအခက်အခဲ၊ ယာယီနေထိုင်သူများ တရားဝင်အလုပ်လုပ်ခွင့် အခက်အခဲ၊ စစ်မှုထမ်းဥပဒေကြောင့် မပြန်ရဲသည့် အခက်အခဲတို့ကို တင်ပြကြရာ ဝါရင့်တောင်ကိုရီးယား လွှတ်တော်အမတ် အီယုန်ဆွန်းက မြန်မာနိုင်ငံသားများ ရင်ဆိုင်နေရသော ဗီဇာအခက်အခဲအတွက် ကိုရီးယားလွှတ်တော်တွင် အမတ်များက ဆွေးနွေးမည်ဟု ထုတ်ဖော်ပြောကြားသည်။
ထို့နောက် ဆောင်ဂုံဝဲတက္ကသိုလ် အာရှအန်ဂျီအိုစင်တာ ပါမောက္ခ ဘတ်အွန်ဟုန်းနှင့် နယ်စည်းမခြား ဒီမိုကရေစီကျောင်း ဒုဥက္ကဋ္ဌ အီဂျူယောင်းတို့က “ကိုရီးယား-မြန်မာ ဒီမိုကရေစီရေး အကျပ်အတည်းနှင့် နိုင်ငံရေးတွင် ထိပ်တိုက်ရင်ဆိုင်မှုထက် ယှဉ်တွဲနေထိုင်ရေးက အလုပ်ဖြစ်နိုင်သလား” စာတမ်းကို တင်ပြဆွေးနွေးသည်။
ယင်းနောက် ဂျောင်ဟွီတက္ကသိုလ် နိုင်ငံရေးသိပ္ပံပါမောက္ခ အင်ဆောင်ဟိုက “ကိုရီးယားနှင့် မြန်မာ နှိုင်းယှဉ်လေ့လာမှုကို ချဲ့ထွင်ခြင်း” စာတမ်း၊ ဆိုးလ်တက္ကသိုလ် အာရှလေ့လာရေးဌာန ပါမောက္ခ ချွဲဂယောင်ဟွဲက “၂၁ ရာစုတွင် ဒီမိုကရေစီဝါဒနှင့် တရားဥပဒေစိုးမိုးရေးတို့ အပြန်အလှန် အကျိုးပြုမှု” စာတမ်း၊ ဟန်ဂယောလဲသတင်းစာ အယ်ဒီတာ ဂီးယွန်းဟယောင်းက “ကိုရီးယား ၁၂.၃ နှင့် မြန်မာ ၂.၁” စာတမ်း၊ မြန်မာ့ဒီမိုကရေစီကူညီရေးအရပ်ဘက်တပ်ပေါင်းစု ဥက္ကဋ္ဌ နာဟရွန်ဖီးလ်က “မြန်မာနှင့် ကိုရီးယား ဒီမိုကရေစီကို အတူတကွ ထူထောင်ရေး” စာတမ်းတို့ကို ဖတ်ကြားဆွေးနွေးကြကြောင်း သိရှိရသည်။
“ကိုရီးယား မြန်မာ ဒီမိုကရေစီအရေးနှိုင်းယှဥ်ဆွေးနွေးကြတာဖြစ်ပါတယ်။ မြန်မာပြည်တွင်းရေး ဒီမိုကရေစီအရေး တိုး တက်မှုများနဲ့ ကိုရီးယားနိုင်ငံအနေနဲ့ ကူညီပေးနိုင်မှုအခြေအနေများကို ဆွေးနွေးကြတာဖြစ်ပါတယ်။ ပြည်တွင်း စစ်ဘေးရှောင်ဒုက္ခ သည်အရေးနဲ့ ကိုရီးယားမှာရှိတဲ့ လှုပ်ရှားသူများကို ကူညီစောင့်ရှောက်ပေးမှုဆိုင်ရာတွေအပါအ၀င် ကဏ္ဍပေါင်းများစွာ တင်ပြဆွေးနွေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံသားတွေ ပတ်စ်ပို့စ်ကိစ္စ ဗီဇာကိစ္စတွေလည်း ဆွေးနွေးတင်ပြခဲ့ကြပါတယ်။ လွှတ်တော်ကနေ ၀ိုင်း၀န်းပြီးအဖြေရှာပေးဖို့ဆိုတာတွေ အဓိကပြောခဲ့ကြပါတယ်” ဟု ဆွေးနွေးပွဲတက်ရောက်ခဲ့သော တော် လှန်ရေးရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar