စစ်ကောင်စီ အတွက် ဝင်ငွေရလမ်းများကို ကျားဖြန့် ငွေလိမ်ဂိုဏ်းများက ထောက်ပံ့ပေးနေပြီး မြန်မာလူထုနှင့် ဒေသတွင်း နိုင်ငံများကို အကြီးအကျယ် ခြိမ်းခြောက်နေသည်ဟု NUG အစိုးရ သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော် ပြောဆို
ရန်ကုန်၊ ဖေဖော်ဝါရီ ၄
အကြမ်းဖက် စစ်ကောင်စီ အတွက် ဝင်ငွေရလမ်းများကို ကျားဖြန့် ငွေလိမ်ဂိုဏ်းများက ထောက်ပံ့ပေးနေပြီး မြန်မာလူထုနှင့် ဒေသတွင်း နိုင်ငံများကို အကြီးအကျယ် ခြိမ်းခြောက်နေကြောင်း NUG အစိုးရ သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော် ပြောဆိုလိုက်သည်။
အဆိုပါ ပြောကြားချက်သည် ယနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကား ပြောကြားခြင်း (press Briefing) အစီအစဉ်၌ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောဆိုခဲ့ခြင်းဖြစ်သည်။
“ကျားဖြန့်အွန်းလိုင်းငွေလိမ် ရာဇဝတ်ဂိုဏ်းတွေဟာ စစ်အာဏာရူးတွေနဲ့ လက်တစ်ဆုပ်စာ လူတစ်စု အကျိုးအမြတ်အတွက် အပြစ်မဲ့ လူသိန်းပေါင်း မြောက်များစွာအပေါ်မှာ မျက်မှောက်ခေတ် ကျွန်ပြုမှု၊ အကြမ်းဖက် ညှင်းပန်းနှိပ်စက်မှု၊ လူကုန်ကူးမှု၊ ငွေလိမ်လည်မှုစတဲ့ စပ်ဆုတ်ရွံရှာစရာကောင်းတဲ့ ရာဇဝတ်မှုကြီးတွေကို ကျူးလွန်နေကျတာဖြစ်ပါတယ်။ ဒီငွေလိမ်ဂိုဏ်းတွေဟာ အကြမ်းဖက် စစ်တပ်အတွက် ဝင်ငွေရတဲ့ လမ်းတွေကို ထောက်ပံ့ပေးနေတဲ့ အပြင် မြန်မာလူထုကိုရော ဒေသတွင်း နိုင်ငံတွေပါ။ အကြီးအကျယ်ခြိမ်းခြောက်နေပါတယ်” ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောဆိုသည်။
အကြမ်းဖက် စစ်ကောင်စီ၏ ကိုယ်ကျိုးစီးပွားနှင့် အာဏာတည်မြဲမှု ကျိုးပမ်းဖို့ ၄ နှစ်တာ ကာလအတွင်း ၂၀၂၄ ခုနှစ် အရောက်တွင် တော့ ငွေကြေးခဝါချမှုနှင့် မူးယစ် ကုန်သွယ်မှုတွင် မြန်မာနိုင်ငံသည် ကမ္ဘာ နံပါတ် ၁ ဖြစ်သွားကြောင်း၊ ကျားဖြန့်နှင့် နွေးဦးတော်လှန်ရေး တိုက်ပွဲသည် စံတန်ဖိုးများအရ ယုံကြည်ချက်များအရပါ အရှေ့နှင့် အနောက်ကို ဖြောင့်ဖြောင့် ဆန့်ကျင်နေသော ကိစ္စဖြစ်ကြောင်း၊ တော်လှန်ရေး၏ ရည်မှန်းချက်သည် အာဏာရှင်စနစ်ချုပ်ငြိမ်းရန် လွတ်လပ်မှု၊ တရားမျှတမှုနှင့် တန်းတူညီမျှမှုကို အားမခံပြီး ငြိမ်းချမ်းသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
“အကြမ်းဖက် စစ်တပ်ရဲ့ ပရမ်းပတာ စီးပွားရေး စီမံခန့်ခွဲမှု၊ အကျင့်ပျက် ချစားမှုတွေနဲ့ မိမိတို့ အာဏာတည်မြဲရေး အတွက် နည်းမျိုးစုံနဲ့ ကျိုးပမ်းနေတဲ့ အတွက်ကြောင့် မြန်မာ့စီးပွားရေး အလွန်အမင်း ကျပ်တည်းမှု အလုပ်အကိုင်ရှားပါးမှုနဲ့ ကုန်ဈေးနှုန်း အင်မတန်ကြီးမားမှု အပါအဝင် လျှပ်စစ်မီး မရရှိမှု စတဲ့ ကြီးမားတဲ့ အခက်အခဲတွေကို ပြည်သူထုက ခါးသည်းစွာရင်ဆိုင်နေရပါတယ်” ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ဆက်လက် ပြောဆိုသည်။
ကုလသမဂ္ဂ ခန့်မှန်းချက်အရ မြန်မာပြည်တွင်း ကျားဖြန့်လုပ်ငန်းများ၊ ငွေလိမ်ဂိုဏ်းများတွင် အဓမ္မစေခိုင်း အလုပ်လုပ်နေကြသော လူပေါင်း ၁ သိန်း ၂ သောင်းကျော်ရှိသည်ဟု ခန့်မှန်းထားပြီး စားဝတ်နေရေး ကျပ်တည်းမှုကြောင့် မြန်မာနိုင်ငံသားများလည်း အနည်းဆုံး သောင်းနှင့် ချီပြီး အင်မတန်ဆိုးရွားသော ပတ်ဝန်းကျင်တွင် အဓမ္မ စေခိုင်းခံနေရကြောင်း သိရသည်။
ထို့ကြောင့် ပြည်သူ လူထုများအနေဖြင့် အွန်လိုင်းငွေလိမ်ဂိုဏ်းများ၏ ဖျားယောင်းမှု အတုအယောင် အလုပ်ခေါ်မှုများကို သတိဝီရိယကြီးကြီးထား၍ ရှောင်ရှားကြရန် NUG အစိုးရ သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်က တိုက်တွန်းပြောဆိုထားသည်။