သံဖြူဇရပ်-ရေး လမ်းပိုင်းရှိ ကွမ်းဒူးရွာနှင့် နှင်းစုံရွာ တံတားအနီး စစ်တပ် စစ်ဆေးရေး ဂိတ်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရ
ရန်ကုန်၊ ဖေဖော်ဝါရီ ၅
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ သံဖြူဇရပ်-ရေး လမ်းပိုင်းရှိ ကွမ်းဒူးရွာနှင့် နှင်းစုံကျေးရွာ အကြား တံတားအနီး တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP (AD) တပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၆ နာရီ အချိန်ခန့်တွင် ရေးမြို့နယ်၊ သံဖြူဇရပ်-ရေး လမ်းပိုင်းရှိ ကွမ်းဒူးရွာနှင့် နှင်းစုံကျေးရွာ အကြား တံတားအနီး တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက အနီးကပ် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၁ နာရီခန့် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ အနည်းဆုံး ၅ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း သိရှိရသည်။
“သူတို့က အင်အား ၄၀ ဝန်းကျင်လောက်နဲ့ အဲဒီမှာ စစ်ဆေးရေးဂိတ်အနေနဲ့ တပ်စွဲထားတာ ပြည်သူလူထုတွေကို အမြဲတမ်းစစ်ဆေးနေတဲ့ ဂိတ်ပေါ့။ အဲဒီဂိတ်ကို သွားတိုက်တာ ကနဦးသတင်းအရ ရန်သူစစ်ကောင်စီက ၅ ဦးသေဆုံးတယ်လို့ သိရပြီး ဒဏ်ရာတွေ အများအပြားရရှိတယ်လို့ သိရတယ်” ဟု မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP (AD) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြေဆိုသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP (AD) တပ်ဖွဲ့မှ ရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲ ဖြစ်ပွားပြီးသည့်နောက် အာရုတောင်အခြေစိုက်ရှိ အကြမ်းဖက် စစ်ကောင်စီ၏ ခမရ ၃၄၃ တပ်ရင်းနှင့် ခမရ ၅၈၇ တပ်ရင်းတို့မှ လက်နက်ကြီးများဖြၚ့် ရမ်းသမ်း ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။