25 C
Yangon

အကြမ်းဖက်စစ်ကောင်စီလက်အောက်မှ မြန်မာကလေးငယ်များနှင့် အနာဂတ်ကို ကယ်တင်ပေးကြရန် ကုလသမဂ္ဂနှင့် နိုင်ငံ တကာသို့ သံအမတ်ကြီးဦးကျော်မိုးထွန်း မေတ္တာရပ်ခံ

Must read

အကြမ်းဖက်စစ်ကောင်စီလက်အောက်မှ မြန်မာကလေးငယ်များနှင့် အနာဂတ်ကို ကယ်တင်ပေးကြရန် ကုလသမဂ္ဂနှင့် နိုင်ငံ တကာသို့ သံအမတ်ကြီးဦးကျော်မိုးထွန်း မေတ္တာရပ်ခံ

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

အကြမ်းဖက်စစ်ကောင်စီလက်အောက်မှ မြန်မာကလေးငယ်များနှင့် အနာဂတ်ကို ကယ်တင်ပေးကြရန် ကုလသမဂ္ဂနှင့် နိုင်ငံ တကာသို့ ကုသလမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက မေတ္တာရပ်ခံလိုက်သည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ပြုလုပ်သော Executive Board of the United Nations Children’s Fund ၏ ၂၀၂၅ ခုနှစ်အတွက် ပထမအကြမ် ပုံမှန်အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာစစ်တပ်က မတရား စစ်အာဏာသိမ်းရန် ကြိုးပမ်းခဲ့ချိန်က စ၍ မြန်မာနိုင်ငံရှိ ကလေးငယ်များအနေဖြင့် စစ်တပ်မှ ကျူးလွန်သော ရက်စက်ကြမ်းကြုတ်မှုဒဏ်များကို အလွန်အမင်း ခါးစည်းခံနေရကြောင်း၊ စစ်တပ်က လူနေအိမ်များ၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဒုက္ခသည် စခန်းများနှင့် အခြားသော အဆောက်အဦ များ အား ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုမှာ နှစ်စဉ် မြင့်တက်၍ လာခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် တစ်နှစ်တည်း၌ပင် စစ်တပ်မှ ကျူးလွန်သည့် လေကြောင်းတိုက်ခိုက်မှုပေါင်း ၁,၃၁၅ အထိ ရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

အချို့သော ကလေးငယ်များမှာ ယာယီစခန်းတဲများနှင့် ဗုံးခိုကျင်းများတွင် ပညာသင်ကြားနေကြရ၊ ကလေးငယ် များ အနေဖြင့် ၎င်းတို့အတွက် လိုအပ်သည့် ကာကွယ်ဆေးထိုးခွင့်ကို ဆုံးရှုံး နေကြရကြောင်း၊ ပုံမှန် ကာကွယ်ဆေး ထိုးနှံခြင်း မရှိပါက ကူးစက်လွယ်သော ရောဂါများ ပြန့်ပွားမှု ကို မြင့်တက်လာစေနိုင်ပြီး ယခုအခြေအနေတွင် ကလေးငယ်များ အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူများ၏ အသက်အား ကယ်တင်နိုင် မည့် တစ်ခုတည်းသော နည်းလမ်းမှာ စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေးနှင့် စစ်တပ်ထံသို့ လေယာဉ်ဆီ စီးဆင်းမှု ဖြတ်တောက်ရေးတို့ပင်ဖြစ်ကြောင်း သံအမတ်ကြီးက ပြောဆိုသည်။

မိမိတို့ ပြည်သူများ၊ မိမိတို့ ကလေးငယ်များ၏ အသက်ကို ကယ်တင်နိုင်ရေးအတွက် စစ်တပ်ထံသို့ ဂျက်လေယာဉ် ဆီများ စီးဆင်းမှုဖြတ်တောက်ရန် မိမိတို့၏ ကြိုးပမ်းအားထုတ်မှုများကို ကူညီပေးကြပါရန် နိုင်ငံတကာ အသိုက်အဝန်း နှင့် UNICEF အပါအဝင် ကုလသမဂ္ဂ အေဂျင်စီများကို သံအမတ်ကြီးက တိုက်တွန်း မေတ္တာရပ်ခံခဲ့သည်။

မြန်မာနိုင်ငံတွင် ၆ သန်းသော ကလေးငယ်များအနေဖြင့် အဆိုးရွားဆုံး လူသားစာနာအကျပ်အတည်း ဒုက္ခ နှင့် ရင်ဆိုင် နေရကြောင်း၊ ၃ ဒသမ ၅ သန်းခန့်သော ပြည်တွင်းနေရပ်စွန့်ခွာသူများအနက် ၃၃ ရာခိုင်နှုန်း မှာ ကလေးငယ်များ ဖြစ်ကြောင်း၊ စစ်တပ်နှင့် ၎င်း၏ လက်ပါးစေများက ကျူးလွန်သည့် မဆင်မခြင် ဗုံးကြဲတိုက်ခိုက်မှုများ၊ သတ်ဖြတ်ခြင်းများနှင့် ကိုယ်လက်အင်္ဂါချို့တဲ့စေခြင်းတို့ကြောင့် ကလေးငယ် အများစုမှာ အသက်သေဆုံးလျှင် သေဆုံး၊ သို့မဟုတ်ပါက မိဘမဲ့ဖြစ်ခြင်း သို့မဟုတ် မသန်စွမ်း ဘဝသို့ ရောက်ရှိခဲ့ရကြောင်း သံအမတ်ကြီးက ရှင်းပြသည်။

မိမိတို့အနေဖြင့် ကလေးငယ်များ၏ အသက်နှင့် ၎င်းတို့၏ အနာဂတ်အား ကယ်တင်ရန် ဆက်လက်၍ အစွမ်းကုန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ မြန်မာကလေးငယ်များနှင့် ၎င်းတို့၏ အနာဂတ်အား ကယ်တင်ပေးကြရန် သံအမတ်ကြီးက မေတ္တာရပ်ခံ ပန်ကြားခဲ့သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article