ရန်ကုန်သီလဝါဆိပ်ကမ်းရှိ ရေတပ်သင်္ဘောပေါ်တွင် စစ်မှုထမ်းရန် ဖမ်းဆီးခံရထားသည့် လူငယ် ၂ ဦး ရေကူးထွက်ပြေးစဉ် Elite LPG ကုမ္ပဏီမှ ဝန်ထမ်းများက ဝိုင်းဝန်းဖမ်းဆီး၍ စစ်တပ်လက်ထဲ အပ်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁
ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော ရေတပ်သင်္ဘောပေါ်မှ စစ်မှုထမ်းရန် ဖမ်းဆီးခံထားရသော လူငယ် ၂ ဦးက စစ်သင်္ဘောပေါ်မှ ခုန်ချ ရေကူးထွက်ပြေးစဉ် Elite LPG ကုမ္ပဏီမှ ဝန်ထမ်းများက ဝိုင်းဝန်းဖမ်းဆီး၍ စစ်တပ်လက်ထဲသို့ အပ်နှံခဲ့ကြောင်း ယင်းဖြစ်စဉ်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ဆိပ်ကမ်းလုပ်သားများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၈ ရက်နေ့ ည ၈ နာရီခန့်တွင် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော ကင်းလှည့် စစ်ရေယာဉ်ပေါ်တွင် ပေါ်တာဆွဲ ဖမ်းဆီးခံထားရသော လူငယ် ၂ ဦးသည် ခုန်ချရေကူး၍ Elite LPG ကုမ္ပဏီပိုင် ဆိပ်ကမ်း ဝင်းထဲသို့ ဝင်ရောက် ထွက်ပြေးလာကြောင်း၊ အဆိုပါ လူငယ် ၂ ဦးကို ကုမ္ပဏီလုံခြုံရေး ဝန်ထမ်းများက လိုက်လံ ဖမ်းဆီးပြီး စစ်တပ်လက်ထဲသို့ ပြန်လည်အပ်နှံခဲ့ကြောင်း သိရှိရသည်။
စစ်မှုထမ်းရန် ဖမ်းဆီးခံထားရသည့် လူငယ် ၂ ဦးကို Elite LPG ကုမ္ပဏီ လုံခြုံရေး ခေါင်းဆောင် အငြိမ်းစား ဗိုလ်မှူး အောင်မြင့်သိန်းက ဦးဆောင် ဖမ်းဆီး၍ စစ်တပ်ထံသို့ ပြန်လည် အပ်နှံခဲ့ကြောင်း၊ အဆိုပါ ဖမ်းဆီးခံရသော လူငယ် ၂ ဦးမှာ လှည်းကူးမြို့နယ် အသက် ၁၉ နှစ်အရွယ် လူငယ် နှင့် ထောက်ကြံ့မြို့မှ အသက် ၂၄ နှစ်အရွယ် လူငယ် တို့ဖြစ်ပြီး ဒလဘက်သို့ သွား ရောက်စဉ် ရေတပ်၏ ပေါ်တာဆွဲ ဖမ်းဆီးမှု ခံခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။
“သီလဝါ ရေတပ် ကမ်းကပ်စစ် ရေယာဉ် ပေါ်ကနေ ပေါ်တာဆွဲ ဖမ်းဆီး ခံထားရသော လူငယ် ၂ ဦးက ရေကူးပြီး သီလဝါ Elite LPG ကုမ္ပဏီပိုင် ဆိပ်ကမ်းခြံဝင်းထဲကို ည ၈ နာရီခန့်လောက် ထွက်ပြေးတာကို Elite ကုမ္ပဏီ လုံခြုံရေး ဝန်ထမ်းတွေက ပြန်လည်ဖမ်းဆီးပြီး ကုမ္ပဏီ လုံခြုံရေးခေါင်းဆောင် အငြိမ်းစား ဗိုလ်မှူး အောင်မြင့်သိန်း က စစ်တပ်ကို ခေါ်ပြီး ပြန်လည် အပ်နှံလိုက်ပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
စစ်တပ်နှင့်ပတ်သက်နေသော Elite ကုမ္ပဏီမှာ သီလဝါ အထူးစီးပွားရေးဇုန်၌ တန်ချိန် ၃၀၀၀ ဆံ့ LPG ရေနံဓာတ်ငွေ့ရည် သိုလှောင်ရုံကို ကိုယ်ပိုင် ဆိပ်ကမ်း၊ ကိုယ်ပိုင်လှောင်ကန်များဖြင့် လုပ်ကိုင်နေခြင်းဖြစ်သည်။
![](https://yktnews.com/wp-content/uploads/2025/02/476607756_988226786738261_2780739014480979330_n.jpg)