ရန်ကုန်၊ ဧပြီ ၂၀
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို ဝင်ရောက်စီးနင်းပေါ်တာဆွဲ ဖမ်းဆီးမှု လူငယ် ၁၄ ဦးဖမ်းခံရပြီး ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း Voice Of Wundwin အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဧပြီလ ၁၉ ရက်နေ့နှင့် ဧပြီလ ၁၈ ရက်နေ့တို့တွင် ဝမ်းတွင်းမြို့နယ် ကျေးရွာ ၄ ခုကို ဝင်ရောက်စီးနင်းပြီး ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးခြင်းကြောင့် ကြပ်ကန်ကျေးရွာမှ လူငယ် ၃ ဦး၊ ဝက်လက်ကျေးရွာလူငယ် ၃ ဦးနှင့် မင်းကန်ကျေးရွာ၊ ရုံးစုရွာကျေးရွာတို့မှ လူငယ် ၆ ဦးတို့ ပေါ်တာဆွဲ ဖမ်းဆီးခံရကြောင်း သိရသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်၏ ပေါ်တာဆွဲ ဖမ်းဆီးမှုကြောင့် ရိုးကန်ရွာ အပါအဝင် အနီးအနားရှိ ကျေးရွာများမှ လူငယ်များသည် ရွာလုံးကျွတ် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
“စစ်ခွေးတွေက ဧပြီလ ၁၈ ရက်နေ့ ဧပြီလ ၁၉ ရက်နေ့တို့တွင် ဝမ်းတွင်းမြို့နယ် ကုန်းကြီးအုပ်စု ကြပ်ကန်ကျေးရွာနှင့် မင်းကန်ကျေးရွာနှင့်ရုံးစုရွာကျေးရွာဝက်လက်ကျေးရွာ များထဲကို ဝင်ရောက်ပြီး နေအိမ်များအထိ တက်ရောက်ပြီး လူငယ် ၁၂ဦးကို ပေါ်တာဆွဲဖမ်းဆီးတာလားဆိုတော့ အခုသိရသလောက်ပါ။ အဲ့မနေ့က ရွာတွေ များတယ်ဆွဲတာ၊ အဲထက်ပိုပါသွားတယ် တကယ်က ၊ သတင်းမရသေးလို့ ကျန်တဲ့ရွာတွေ စစ်ခွေးတွေက အဲဒီ လူငယ် ၁၂ ဦးက ဝမ်းတွင်းမြို့နယ် ကျေးရွာ ၄ရွာနှင့် ရွာအပြင်က တောထဲမှာ ပေါ်တာဆွဲဖမ်းဆီးခဲ့တာပါ။ စစ်ခွေးတွေ ပေါ်တာဆွဲဖမ်းဆီးသွားတာ အမျိုးသားတွေကြီးပါ။ အသက်အရွယ်တွေကို ကျွန်တော်တို့ မသိရသေးဘူး”ဟု Voice Of Wundwin အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင်လည်း အကြမ်းဖက် စစ်တပ်က အိမ်စီးကားဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခြင်းကြောင့် လူငယ် ၂၀ ကျော် ဖမ်းဆီးခံရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယနေ့ ဧပြီလ ၂၀ ရက်နေ့ မွန်းလွဲပိုင်းမှ စတင်ကာ ညနေပိုင်းထိ အကြမ်းဖက် စစ်တပ်က မုံရွာမြို့ပေါ်တွင် အိမ်စီးကားဖြင့် လူငယ်များကို လိုက်လံပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း၊ ထိုသို့ ပေါ်တာဆွဲ ဖမ်းဆီးမှုကြောင့် လူငယ် ၂၀ ကျော် ဖမ်းဆီးခံရကြောင်း၊ ထိုသို့ ဖမ်းဆီးသွားသော လူငယ်များကို မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရှိရသေးဘဲ မိသားစုဝင်များနှင့်လည်း အဆက်အသွယ် မရရှိသေးကြောင်း သိရသည်။
“စစ်ခွေးတွေက ဒီနေ့ မုံရွာမြို့ပေါ်မှာ အိမ်စီးကားတွေနဲ့ ပေါ်တာလိုက်ဆွဲတာ လူငယ် ၂၀ ကျော်လောက်ဖမ်းခံရတယ်။ ဘယ်ကိုခေါ်သွားလည်းဆိုတာတော့မသိသေးဘူး။ လိုက်စုံစမ်းနေတုန်းပဲ မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရသေးဘူး။ အလုပ်သွားအလုပ်ပြန်တဲ့ လူငယ်တွေ အများဆုံးဖမ်းဆီးခံရတယ်လို့တော့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ- ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းကာလ စစ်အာဏာရှင် ဆန့်ကျင်သော ပြည်သူများကို စစ်တပ်က အကြမ်းဖက် ဖမ်းဆီးခဲ့စဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။




